ချင်းပြည်နယ်မှာ ကြွက်တွေ သောင်းကျန်းနေ
2010.09.11
ချင်းပြည်နယ်မြောက်ပိုင်းကနေ တောင်ပိုင်းကို အုပ်စုလိုက် ရွှေ့ပြောင်းလာတဲ့ ကြွက်တွေကြောင့် တောင်ပိုင်းမှာရှိတဲ့ မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် စတဲ့မြို့နယ်တွေက ရွာပေါင်း ၁၇၀ ကျော်မှာ နေထိုင်ကြတဲ့ တိုင်မျိုးနွယ်စု ချင်းလူမျိုး ၅ သောင်းကျော် အစာရေစာ ပြတ်လပ်မှုတွေ ကြုံတွေ့နေပြီး အကူအညီ မဲ့နေတယ်လို့ သိရပါတယ်။
သူတို့ထဲက ဒဏ်မခံနိုင်တော့တဲ့ တချို့ဟာ တခြားပြည်နယ်တွေနဲ့ အိန္ဒိယနယ်စပ်တွေကို ထွက်ပြေးသွားကြတာရှိသလို တောထဲက အလေ့ကျပေါက်တဲ့ သစ်သီးသစ်ဥနဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ ရှာစားနေရပြီး ရှင်သန်နေကြသူတွေလည်း ရှိတယ်လို့ ပလက်ဝမြို့နယ်က ခရစ်ယာန် သင်းအုပ်ဆရာတပါးက ပြောပါတယ်။
“ကြက်တွေ၊ ဝက်တွေ၊ နွားနောက်တွေ၊ ရှိတဲ့ဟာတွေ ရောင်းတယ်။ အဲဒါတွေ မရှိတဲ့သူတွေကျတော့ တချို့က မီဇိုရမ်းမှာ ငွေရှာလိုက် တခြားဒေသတွေမှာ နေ့စား သွားလုပ်ပြီးတော့ ရှာကြတယ်။ မသွားနိုင်တဲ့ လူတွေကျတော့ သူများဆီမှာ ချေးလိုက်၊ ဟိုမှာ နည်းနည်းပါးပါး တောင်းလိုက်နဲ့။ ဆန် ၂ ဗူး စားနိုင်တဲ့လူက ဆန်တဗူးလောက်၊ ဆန်ပြုတ်အနေနဲ့ လျှော့ပြီးတော့ စားကြတော့တာ။ အဲလိုပဲ အသက်ရှင်နိုင်လောက်အောင်ပဲ နေကြတော့တာ။ မြောက်ဥတို့ ဘာတို့ကို အသီးအရွက်တွေနဲ့ ရောပြီးတော့ ချက်စားနေရတယ်။ အသက် မသေနိုင်လောက်အောင်ပဲ စားနေရတယ်”
အစားအစာ ချို့တဲ့ပြီး အစာအိမ်ရောဂါ ရကြသလို မတည့်တာတွေ စားမိပြီး အော့အန် ဖျားနာကြသူ တွေလည်း မနည်းဘူးလို့ ဆိုပါတယ်။ အခုလို ချင်းပြည်နယ်မှာ ကြွက်တွေ သောင်းကျန်းနေတာနဲ့ ပတ်သတ်ပြီး ချင်း လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးသေရ က အခုလို ရှင်းပြပါတယ်၊
“သူတို့ ဖြစ်လေ့ဖြစ်ထ ရှိတာက မြောက်ကနေ တောင်ကို ရွေ့လျားတယ်။ အခုဆိုရင် ချင်းပြည်နယ်တောင်ပိုင်း အတွင်းဖြစ်တဲ့ မတူပီမြို့နယ်ရယ်၊ ကန်ပက်လက်ရယ်၊ မင်းတပ်ရယ်၊ ပလက်ဝရယ်၊ အဲဒီ လေးမြို့နယ် ဆုံတဲ့နေရာတဝိုက်မှာ နေထိုင်တဲ့ တိုင်မျိုးနွယ်စု နေထိုင်တဲ့ နေရာတဝိုက်မှာ အကြီးအကျယ် ဖြစ်နေတယ်”
၂၀ဝ၇ ခုနှစ်ကစပြီး မကြာခဏ ဆိုသလိုပဲ ချင်းပြည်နယ်အတွင်း ကြွက်တွေ အုပ်စုလိုက် ရွှေ့ပြောင်းပြီး စိုက်ပျိုးထားတဲ့ တောင်ယာတွေက အသီးအနှံတွေကို စားသောက် ဖျက်ဆီးနေကြရာမှာ ပိုပို ဆိုးရွားလာနေတဲ့အပြင် ဒေသခံ လူထုဟာလည်း ထိထိရောက်ရောက် အကူအညီတွေ မရရှိကြဘူးလို့ သိရပါတယ်။