ရခိုင့်နိုင်ငံရေး မျိုးဆက်သစ်အင်အားစု စတင်ဖွဲ့စည်း
2014.09.18
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ "ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု" အမည်နဲ့ အဖွဲ့သစ်တစ်ဖွဲ့ကို စစ်တွေမြို့မှာ ဒီနေ့ ဖွဲ့စည်းခဲ့ပါတယ်။
‘ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု’ အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ဖြစ်မြောက်ရေးအတွက် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုခိုင်ကျော်မိုးက အခုလိုပြောပါတယ်။
"ရှေ့လုပ်ငန်းစဉ်တွေထဲမှာ ရေတိုရေရှည်ရှိပါတယ်၊ ရေတိုအနေနဲ့ ပြောမယ်ဆိုရင်တော့ အခုလက်ရှိကျနော်တို့ ရခိုင်မှာဖြစ်နေတဲ့ conflict အခင်းအကျင်းထဲမှာလည်း ကျနော်တို့ နိုင်ငံတကာနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့အခါမှာ အချက်အလက်စုံစုံလင်လင်နဲ့ ပြောနိုင်အောင် အချက်အလက်စုတာတွေ လုပ်ဖို့ရှိပါတယ်၊ ပြီးရင် နောက်ထပ် ရခိုင်ပြည်မှာ တချို့ဖြစ်နေတဲ့ ပြဿနာအသေးအမွှားလေးတွေရှိပါတယ်၊ မြို့နယ်တိုင်းဖြစ်နေကြတဲ့ လယ်သမားကိစ္စတွေ ဒါလေးတွေကို ကဏ္ဍအလိုက်ခွဲပြီး ဆွေးနွေးပြီးတော့မှ issue တွေ ထပ်ပေါ်လာလို့ရှိရင် အလုပ်တွေကအများကြီး ကျနော်တို့ရှိလာမှာပါ"
ဒီနေ့ ဖွဲ့စည်းလိုက်တဲ့ ‘ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု’ အဖွဲ့မှာ ရခိုင်အမျိုးသားပါတီဝင်တွေအပြင် ရခိုင်ကျောင်းသားများအဖွဲ့နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။
အဲ့ဒီအင်အားစုအဖွဲ့ထဲမှာ ရခိုင်ပြည်နယ်တစ်ခုလုံးက တက်ကြွလှုပ်ရှားသူတွေ ပါဝင်နိုင်တယ်လို့ သိရပါတယ်။