ရခိုင်ပြည်နယ်အစိုးရ ဖိတ်ခေါ်မှု MSF ကြိုဆို၊ ရခိုင်လူထု လက်မခံ


2014.07.25
msf-305 ရခိုင်ပြည်နယ်အစိုးရက MSF အဖွဲ့ ရခိုင်ပြည်နယ်ထဲ ဖိတ်ခေါ်ချက်ကို သဘောမတူနိုင်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က စစ်တွေမြို့ စေတနာမိုးခန်းမမှာ ဒေသခံတွေ အစည်းအဝေး ပြုလုပ်စဉ်
Photo: Min Thine Aung / RFA

ရခိုင်ပြည်နယ်မှာ ကျန်းမာရေးကူညီစောင့်ရှောက် မှုတွေ ပြန်လည်ဆောင်ရွက်ဖို့ နယ်စည်းမထားဆရာဝန် များအဖွဲ့ MSF ကို မြန်မာအစိုးရက ပြန်လည်ဖိတ်ခေါ် ချက်အပေါ် MSF အဖွဲ့က ကြိုဆိုလိုက်ပြီး၊ အခြေ အနေစောင့်ကြည့်နေဆဲဖြစ်ကြောင်း ဒီကနေ့ သဘော ထားထုတ်ပြန်လိုက်ပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ ဆောင်ရွက်နေတဲ့ MSF အဖွဲ့ အနေနဲ့ ဘက်လိုက်ကူညီနေတယ်ဆိုပြီး ဒေသခံလူထု က ကန့်ကွက်ဆန္ဒပြကြတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လအတွင်း အစိုးရက လုပ်ပိုင်ခွင့်ရပ်ဆိုင်းခဲ့ပြီး၊ အခု ရက်ပိုင်းမှာ ပြန်လည်ဖိတ်ခေါ်လိုက်တာပါ။

ဒါပေမယ့် MSF အဖွဲ့ရဲ့လုပ်ငန်းတွေပြန်စဖို့ဆို ရင် ဒေသခံတွေအနေနဲ့ အဖွဲ့ရဲ့ပဋိညာဉ်၊ ကျင့်ဝတ်နဲ့ ဆောင်ရွက်ချက်တွေကို နားလည်ဖို့လိုသလို၊ ဒီအတွက်လည်း ဘယ်လိုအချိန်မျိုးမှာမဆို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့အမြဲအဆင်သင့်ရှိကြောင်း MSF ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အစိုးရက MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုက်တဲ့အပေါ် စစ်တွေမြို့ သံဃာအဖွဲ့ အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက သဘောမတူကြောင်း ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

စစ်တွေမြို့ စေတနာမိုးခန်းမမှာ သံဃာ့အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ပါတီတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာလို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ် သူ ဦးသာပွင့်က အခုလိုပြောပါတယ်။

" MSF နဲ့ ပတ်သက်ပြီးတော့ ဖေဖော်ဝါရီလက သမ္မတကြီးဆီကို MSF နှင်ထုတ်ပေးပါဆိုပြီးတော့ စာတင်တယ်၊ နိုင်ငံခြားသားကလည်း နှင်ထုတ်ထားတယ်၊ အခု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ရခိုင်ပြည်နယ် ပြည်သူလူထုရဲ့ ဆန္ဒကိုဘာမှ သဘောတူညီချက် ရယူချက်မရှိပဲနဲ့ ဖိတ်ကြားတာကို ရခိုင်ပြည်သူလူထု တရပ်လုံးအနေနဲ့ သဘောမတူပါဘူး၊ UN နဲ့ INGO အကုန်လုံးပြောတာမဟုတ်ဘူး၊ MSF ကိုပြောတာ"

AZG ခေါ်MSF အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ ပြည်နယ်အစိုးရရဲ့ ဖိတ်ခေါ်ချက် ကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရထံ စာပေးပို့သွားမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ်။

MSF အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ဇူလိုင်လ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်း သားတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက MSF ကို ရခိုင်ပြည်နယ်ထဲက ထွက်သွားဖို့ ဆန္ဒပြ ကန့်ကွက်ခဲ့တာကြောင့် အစိုးရက MSF ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေကို ရခိုင်ပြည်နယ်ထဲမှာ ယာယီရပ်ဆိုင်းထား ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။