စစ်တွေမှာ ကပ်ဘေးကိစ္စ ကူညီနေသူတစ်ဦး အမှုဖွင့်ခံရ
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကပ်ဘေးနဲ့ ရင်ဆိုင်နေရချိန် ကုန်စည်စီးဆင်းမှုပါ ပြတ်တောက် နေတဲ့အကြောင်း ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ စာရေးတင်ခဲ့တဲ့ စစ်တွေမြို့ခံ ဦးစိုးနိုင်ကို စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) နဲ့ အမှုဖွင့်ထားကြောင့် အမှုဖွင့်ခံရတဲ့ ဦးစိုးနိုင်က RFA ကို ဒီနေ့ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ခံရတာလို့ သိရပါတယ်။
ကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ကို ကုန်စည်စီးဆင်းမှုလမ်းကြောင်းကိုပါ ဖြတ်တောက်တော့မလား၊ စစ်တွေမြို့ကို ကိုရိုနာဝင်သွားတာကြောင့် လုပ်ချင်တာလုပ်နိုင်ပြီ၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် စစ်ဘေးဒုက္ခသည်တွေ ကို ဆပ်ပြာတစ်ခဲစီပေးတဲ့ အစိုးရကို ကျေးဇူးတင်ကြပါ စတဲ့အရေးအသားတွေနဲ့ မြို့မရဲစခန်းမှာ အမှုဖွင့်ထား တာလို့ ဆိုပါတယ်။
ဒီအရေးအသားတွေဟာ အစိုးရကိုပုတ်ခတ်ရေးတာမဟုတ်ဘဲ သတိပြုမိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာ ဖြစ်တာကြောင့် အခုလို ကိုရိုနာကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေကြရချိန်မှာ ဒေါသစိတ်နဲ့ ဖြေရှင်းမယ့်အစား ကပ်ရောဂါအရေးကိစ္စ အတွက်ကိုသာ အားလုံးပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်တယ်လို့ ဦးစိုးနိုင်က ပြောပါတယ်။
အမှုဖွင့်တိုင်းတန်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းကနေတဆင့် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ဒီအမှုနဲ့ပတ်သက်လို့ စစ်တွေမြို့မရဲစခန်းကို ဒီနေ့မနက်က ကနဦးသွားရောက်ဖြေရှင်းခဲ့ရပြီး ငွေကျပ် သိန်း ၃၀ နဲ့ အာမခံပေးလိုက်တယ်လို့လည်း ဦးစိုးနိုင်က ပြောပါတယ်။
ဦးစိုးနိုင်ဟာ စစ်တွေမြို့က ကိုရိုနာကပ်ဘေးထိန်းချုပ်ရေးနဲ့ ကပ်ဘေးကြောင့် အခက်အခဲဖြစ်နေကြတဲ့ စစ်ဘေးဒုက္ခသည်အရေးတွေမှာ အကူအညီပေး နေသူတစ်ဦးဖြစ်ပါတယ်။