ရခိုင်စစ်ဘေးဒုက္ခသည်တွေ စီးလာတဲ့ယာဉ် လက်နက်ကြီးထိပြီး ရှစ်ဦး သေဆုံး
2024.12.20

ဧရာ၀တီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ရှောပြာရွာကို ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ယာဉ်တစ်စီး ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ယာဉ်ပေါ်ပါသူ ရှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်က စစ်ဘေးတိမ်းရှောင်လာသူတွေကို တင်ဆောင်ပြီး ပြန်လာစဉ် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ရှောင်တွေကို သွားခေါ်တဲ့ ကားဒရိုင်ဘာနဲ့ သူ့အမျိုးသမီးကတော့ နေရာမှာတင် ဆုံးတယ်လို့ ကြားပါတယ်။ ကျန်တဲ့ခြောက်ဦးကတော့ ဂွဘက်က ဆင်းလာတဲ့ စစ်ဘေးဒုက္ခသည်တွေပါ။ ဒဏ်ရာရတဲ့သူတွေကလည်း ဒဏ်ရာပြင်းထန်တယ်။ အခုပစ်ခတ်ခံရတဲ့ နေရာက ဟင်္သာတနဲ့ဆို ၂၅ မိုင်ပဲ ဝေးတော့တယ်”
သေဆုံးထိခိုက်သူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်အောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဂွ-ငသိုင်းချောင်းလမ်းကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးတွေ နေ့စဉ်ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ် ဂွမြို့ပေါ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ကတော့ ဧရာ၀တီတိုင်းထဲကို ထိုးစစ်တွေ ရောက်မလာအောင် ရခိုင်ရိုးမတောင်တန်းပေါ်မှာ ခံစစ်ပြင်ထားတယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။