ရခိုင် စစ်ဘေးဒုက္ခသည်တွေ အတွက် ပြည်နယ်အစိုးရ နေ အိမ်တွေဆောက်
2016.01.31

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာနဲ့ စေတီတောင်ကျေးရွာမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည် တွေကို နီးစပ်ရာကျေးရွာတွေမှာ ပြည်နယ်အစိုးရက လုံးချင်း နေအိမ်တွေဆောက်လုပ်ပြီး နေရာချထားပေးနေပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစတင်ကာ ဒုက္ခသည်တွေဆန္ဒရှိတဲ့ ကျေးရွာတွေမှာ နေရာချထားပေးနေတာလို့ ကျီရာပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အေးမောင် က ပြောပါတယ်။
"သူတို့နေချင်တဲ့နေရာမှာပဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကနေပြီးတော့ အိမ်တွေဆောက်ပေးပါတယ်၊ သူတို့ဇာတိဖြစ်တဲ့ ရွာမပြင်နေရာမှာပဲခင်ဗျ၊ တောင်ဦးဇာတိ ကိုတော့ တောင်ဦးကျေးရွာမှာပဲ မြေကွက်တွေဝယ်ပြီးတော့ ဆောက် လုပ်ပေးပါတယ်ခင်ဗျာ"
ကျီရာပြင်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၄ စု အနက် ၁၂ စု ကို မြောက်ဦးမြို့နယ် တောင်ဦး၊ ငစွယ်ကန်၊ ကျောက်တော်မြို့နယ် ရွာမပြင်၊ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချို စတဲ့ ကျေးရွာတွေမှာ နေရာချထားပေး တာဖြစ်ပြီး ကျန်တဲ့အိမ်ထောင်စုတွေကတော့ ကျီရာပြင်ကျေးရွာမှာပဲ နေရာချထားပေးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စေတီတောင်ကျေးရွာမှာရှိတဲ့ အိမ်ထောင်စု ၁၆ စု ကိုလည်း စေတီတောင်ကျေးရွာအပြင် သူတို့ ဆွေမျိုးတွေရှိတဲ့ အခြားကျေးရွာတွေမှာ နေရာချထားပေးသလို ကျောက်တော်မြို့နယ် ရွာမပြင် ကျေးရွာ မှာရှိနေတဲ့ အိမ်ထောင်စု ၁၈ စုကိုလည်း ရွာမပြင်ကျေးရွာမှာပဲ မနေ့က အပြီးနေရာချထား ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက ကျောက်တော်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘာအီ၊ သံတံတား စတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀ ကျော်ဟာ မြောက်ဦး မြို့နယ် ကျီရာပြင်၊ စေတီတောင်နဲ့ ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာတွေကို ထွက်ပြေး ခိုလှုံခဲ့ကြရတာပါ။
ဒုက္ခသည်တွေက သူတို့ရဲ့ မူလနေရာကိုပြန်လိုကြပေမယ့် နယ်မြေတည်ငြိမ်မှု မရှိတာကြောင့် အစိုးရက သွားခွင့်မပြုဘဲ နီးစပ်ရာကျေးရွာတွေမှာ အခုလိုနေရာချ ထားပေးတာလို့ သိရပါတယ်။