ရိုဟင်ဂျာအမည် သုံးနှုန်းမှု ရခိုင်ပြည်နယ်မှာ ကန့်ကွက်
2014.11.24

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရိုဟင်ဂျာလူမျိုးလို့ ခေါ်ဝေါ်သုံးနှုန်း ခဲ့တာကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် စစ်တွေ မြို့မှာ ဒေသခံ တစ်ထောင်ဝန်းကျင် မနေ့က ဆန္ဒပြ ခဲ့ကြပါတယ်။ မစ္စတာ ဘန်ကီမွန်းအနေနဲ့ ရိုဟင်ဂျာ ဆိုတာကို လက်မခံတဲ့ ဒေသခံရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားသင့်တယ်လို့ စစ်တွေမြို့ဆန္ဒပြ ပွဲမှာ ပါဝင်ခဲ့တဲ့ မြို့ခံ ဦးမောင်ဗသိန်းက ပြောပါတယ်။
"ရခိုင်မြေဆိုတာ ရခိုင်သားတို့ရဲ့ ဇာတိမြေ ဘုရင့်နိုင်ငံ နှစ်ထောင်နဲ့ချီပြီးနေလာတဲ့ လူမျိုး၊ ဘင်္ဂါလီတွေဟာ အင်္ဂလိပ် ဗြိတိသျှခေတ်မှ ဝင်လာ တဲ့ လူမျိုး၊ သူတို့က ရိုဟင်ဂျာဆိုပြီး နာမည်လိမ်နဲ့ ၁၀ စုနှစ်ကစလိမ်တာ၊ အဲ့ဒီ အမှန်တရားကို ဘန် ကီမွန်းက မလေ့လာ ဘူး၊ ဒေသခံတွေရဲ့ ဆန္ဒဘာ ရှိတယ်၊ သမိုင်းဘာရှိတယ်ဆိုတာကိုမလေ့လာဘူး၊ ဘန်ကီမွန်းက နိုင်ငံခြားသုံးလို့ နိုင်ငံတကာသုံး ဆိုပြီးတော့ လက်ခံတယ်ဆိုပြီးတော့ ပြောနေတယ်၊ နိုင်ငံတကာသုံးဆိုတာက စစ်အစိုးရခေတ်မှာ စစ်အစိုးရကိုမလိုလားတဲ့ အနောက်အင်အားကြီးနိုင်ငံတွေက ဒီရိုဟင်ဂျာ အမည်ခံတဲ့ လူလိမ်တွေကို လူလိမ်တစ်စုကို အနောက်ကနေမြှောက်ပင့်တဲ့အတွက်ကြောင့် အဲ့လိုဖြစ်သွားတာ၊ ဒါအမှန်တရား မဟုတ်ဘူး၊ ဘန်ကီမွန်းက အမှန်တရားကိုလေ့လာသင့်တယ်၊ ဒေသခံတွေရဲ့ သဘောဆန္ဒကို သိသင့် တယ်၊ အဲ့ဒါကို လေးစားသင့်တယ်"
ဒါ့အပြင် ရိုဟင်ဂျာ အမည်ကို ကုလသမဂ္ဂရဲ့ တရားဝင် ရုံးသုံးအဖြစ်ကနေ ပယ်ဖျက်ပေးဖို့၊ ရခိုင်ဒေသ မှာ ရခိုင် တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြား နှစ်ဘက်မျှတအောင် ကူညီပေးဖို့ တောင်းဆို ချက်တွေပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း ရခိုင်လူမှုအဖွဲ့အစည်းတွေက မစ္စတာ ဘန်ကီမွန်း ထံမကြာခင် ပေးပို့သွားမယ် လို့လည်း သိရပါတယ်။
အလားတူဆန္ဒပြပွဲတွေကို မောင်တော၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြားစတဲ့ မြို့တွေမှာ မနေ့က ကျင်းပခဲ့ ကြပြီး ရခိုင်ပြည်နယ်က တခြားမြို့နယ်တွေမှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့ သိရ ပါတယ်။