ရိုဟင်ဂျာ အမည်မသုံးရေး ရခိုင် ၁၀ မြို့နယ် ဆန္ဒပြ
2014.03.16

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ သန်ခေါင်စာရင်းပုံစံမှာ အခြားလူမျိုးလို့ သတ်မှတ်ထား တဲ့နေရာမှာ ရိုဟင်ဂျာဆိုပြီး ထည့်သွင်းရေးသားခြင်း မပြုဖို့ စစ်တွေမြို့နဲ့ မြို့နယ် ၉ မြို့နယ်မှာ ရခိုင်တိုင်း ရင်းသားတွေက ဒီကနေ့ ဆန္ဒပြကြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဆန္ဒပြရာမှာပါဝင်တဲ့ စစ်တွေမြို့ခံ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက
"မြန်မာနိုင်ငံ သန်းခေါင်စာရင်းကော်မရှင် သန်းခေါင်စာရင်း ဗဟိုကော်မတီကို မေတ္တာ ရပ်ခံချင်တာက သန်းခေါင်စာရင်းထဲမှာ ကုဒ်နံပါတ်ဖြစ်တဲ့ ၉၁၄ ပဲ ရေးစေချင်ပါတယ်၊ အကယ်၍ မရေးမဖြစ်ရေးရမယ်ဆိုရင် ၉၁၄ ဘေးက ဘင်ဂါလီ လို့ပဲရေးပါ၊ ရိုဟင်ဂျာ လို့ ရေးလိုက်ခြင်းအားဖြင့် နောင်တချိန် မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကြီးအကျယ် ထိပါးလာနိုင်တဲ့ အန္တရာယ်ရှိတယ်" လို့ ပြောပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အမည်ဟာ ရခိုင်တိုင်းရင်းသားတွေ လက်မခံနိုင်တဲ့ အမည်တစ်ခုဖြစ်သလို ရခိုင်ပြည်နယ်အတွင်း က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအကြောင်းရင်း တစ်ခုလည်းဖြစ်တယ် လို့လည်း ဆန္ဒပြရာမှာပါဝင်သူတွေက ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်ကလည်း မကြာခင်ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်ခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်မှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ကို အသိအမှတ်ပြုမှာမဟုတ်ကြောင်း RFA ကို ပြောဆိုထားပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲတွေကို စစ်တွေ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်၊ မြေပုံ စတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၁၀ ခုလောက်မှာ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။