နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထွက်ခွာသွားရေး စစ်တွေမှာ တောင်းဆိုဆန္ဒပြ


2014.02.22
msf-protest-305.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်တိုင်းရင်းသား များ ဆန္ဒပြနေစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားဖို့ စစ်တွေမြို့ MSF ရုံးရှေ့မှာ ရာနဲ့ချီတဲ့ ရခိုင်တိုင်းရင်းသားတွေက ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြခေါင်းဆောင် အမျိုးသမီးတစ်ဦးဖြစ်သူ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေး က သူတို့ တောင်းဆိုချက်တွေကို အခုလိုပြောပါတယ်။

"နှစ်ဖက်စလုံးကို ကျန်းမာရေး စောင့်ရှောက်မှုတွေပေးမယ်လို့ သူတို့က လုပ်ထားတာတွေရှိတယ်၊ ဒါပေမဲ့ ဘင်္ဂါလီလူ့အဖွဲ့အစည်းကိုသာ သူတို့က ဘက်လိုက်ပြီးတော့ ဆောင်ရွက်တာတွေ ကျမတို့တွေ့နေရတယ်၊ ဒါပေမဲ့ ဒါကို ကျမတို့ သည်းခံနိုင်တယ်ပေါ့နော်၊ အခုကတော့ သူတို့ကတော့ ဒီ့ထက်ပိုပြီး တဆင့်တက်ပြီးတော့ အခုဆိုရင် ထင်သာမြင်သာတဲ့ ဘက်လိုက်မှု ဖြစ်လာတယ်ပေါ့နော်၊ ဒါကြောင့်မို့ ကျမတို့ ကန့်ကွက်လိုက်ရ တာ ဖြစ်ပါတယ်ရှင့်"

ဆန္ဒပြသူတွေက MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာဖြစ်စဉ်မှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရမွတ်စလင် ၂၀ ကျော်ကို ဆေးကုသပေးခဲ့ရကြောင်း မဟုတ်မမှန်သတင်းဖြန့်ဝေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မွတ်စလင်တွေရဲ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရကြောင်း နိုင်ငံတကာ မီဒီယာတွေအပေါ် ဝါဒဖြန့်မှုတွေ ပြုလုပ်ခဲ့တာတွေကြောင့် MSF အဖွဲ့ ရခိုင်ပြည်နယ်အတွင်း ဆက်လက်ရှိနေတာဟာ ဒေသအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်ညိုအေးက ပြောပါတယ်။

MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကိုပဲ အဓိကထား ကူညီနေသလို ရခိုင်တိုင်းရင်းသားတွေကို အကြမ်းဖက်သမားတွေအဖြစ် ပုံဖော်မှုတွေပြုလုပ်နေကြောင်းလည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် သတင်းပေးပို့ထားတာ နားဆင်ပါတယ်။

အခုလို ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ သူတို့ရဲ့ ရခိုင်ပြည်နယ်က ကျန်းမာရေး စောင့်ရှောက်မှုတွေအကြောင်း RFA မေးမြန်းစဉ်မှာ ဖြေကြားထားပါတယ်။ MSF အဖွဲ့ရဲ့ ရခိုင်ပြည်နယ် တာဝန်ခံတစ်ဦးဖြစ်သူ Simon Tyler ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။