ဂွမြို့မှာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေပြန်ရဖို့ ဆန္ဒပြ
2013.01.18
ဂွမြို့နဲ့ ၁၇ မိုင် ဝေးတဲ့ ကမ်းသာယာရွာမှာ ဧက ၃ ရာကျော်၊ မိုင် ၅၀ လောက်မှာရှိတဲ့ ပုတ်မြစ်၊ သဲကုန်း၊ စေတီကွင်း၊ ခြောက်ကုန်းရွာတွေမှာ ဧက ခုနစ်ရာကျော်ကို လွန်ခဲ့တဲ့ ၁၅ နှစ် လောက်ကတည်းက စစ်တပ်က စီမံကိန်းအတွက်ဆိုပြီး သိမ်းခဲ့တာလို့ သိရပါတယ်။
အဲဒီလယ်တွေကို ပြန်လည် စိုက်ပျိုးခွင့် ရဖို့အတွက် လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေအရ စီမံကိန်းမလုပ်ဖြစ်တဲ့ မြေတွေကို မူလလယ်လုပ်သူတွေကို ပြန်ပေးဖို့ လွှတ်တော်နဲ့ သမ္မတဆီလဲ တင်ပြထားခဲ့ပြီး ဘာမှအကြောင်းမပြန်တဲ့ အတွက် ခွင့်ပြုချက်ယူပြီး ဆန္ဒပြတာဖြစ်တဲ့အကြောင်း လယ်သမားတွေအတွက် ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးတင်ညိုက RFA ကို ပြောပါတယ်။
အဲဒီလိုလယ်သိမ်းတဲ့အခါ မြေပေါ်မှာရှိတဲ့ အုန်းပင်တွေအတွက် အသီးထွက်နေတဲ့အပင် တစ်ပင်ကို ၅၀၀ ကျပ်၊ အသီးသိပ်မထွက်သေးတဲ့ ပင်ပျိုတစ်ပင်ကို ၂၅၀ ကျပ်နဲ့ သီးနှံလျော်ကြေးဆိုပြီး ပေးခဲ့တယ်လို့ ဆိုပါတယ်။
အုန်းသီးတစ်လုံးကို ၅၀ ကျပ် ပေါက်ဈေးရှိတဲ့အတွက် အုန်းတစ်ပင်ကို အုန်းသီး ၁၀ လုံး စာဖိုးပဲရခဲ့တာလို့ သိရပါတယ်။