ရိုဟင်ဂျာတွေကို နိုင်ငံသားပြုရေး ကုလတောင်းဆိုချက် ရမ်းဗြဲဒေသခံ ၈၀၀ခန့် ကန့်ကွက်
2013.11.28

မကြာသေးခင်က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ရဲ့ တတိယကော်မတီမှာ တင်သွင်းအတည်ပြုခဲ့ တဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ဆက်စပ်တဲ့စာတမ်းမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားပြုခွင့်ပေးရန် ဆိုတဲ့အချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ မှာ ဒေသခံ ၈၀၀ လောက်က ကန့်ကွက်ဆန္ဒပြခဲ့ကြ ပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်သတ်မှတ်ထားခြင်းမရှိတဲ့ လူမျိုးနံမည်နဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်အတည်ပြုချက်ကို ကန့်ကွက်ဆန္ဒပြတာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။
“ကုလသမဂ္ဂ တတိယကော်မတီရဲ့ ဆုံးဖြတ်ချက်တွေ ကို ကန့်ကွက်တယ်၊ ပြည်သူတွေရဲ့ဆန္ဒသည် ရိုဟင်ဂျာကို မရှိတာကို အရှိလုပ်တဲ့အပေါ် မှာ ပြည်သူတွေအားလုံးက ကန့်ကွက်တယ်၊ အစိုးရနဲ့ တသားတည်းထပ်တူပဲ၊ နောက် ပြီးတော့ နိုင်ငံသားအမြန်ပေးရေးဆိုတာ ကုလသမဂ္ဂသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ပြီးတော့ ဖြေရှင်းရာ မကျဘူးလေ၊ ရန်တိုက်ပေးရာ ကျနေတာပေ့ါနော်”
ဒီကနေ့ ဆန္ဒပြပွဲမှာ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့၊ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့ စတဲ့အချက်တွေနဲ့ ဆန္ဒပြတာဖြစ်တယ်လို့လည်း သိရပါတယ်။