ဖမ်းဆီးထားသူတွေကို ထောင်အာဏာပိုင်က အဓမ္မ ခိုင်းစေ

မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စစ်တွေ အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေကို ထောင်အာဏာပိုင်တွေက အဓမ္မလုပ်အားပေး ခိုင်းစေနေတယ်လို့ သိရပါတယ်။

2012.09.06
sittwe-jail-b305 စစ်တွေအကျဉ်းထောင် ဖြစ်ပါသည်။
RFA

ဒါနဲ့ပတ်သက်ပြီး အခုရက်ပိုင်းအတွင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့တဲ့ အထိန်းသိမ်းခံ တစ်ယောက်ရဲ့ မိသားစုဝင် တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

“ကျွန်တော် ၃ ရက်နေ့ ထောင်ဝင်စာ သွားတွေ့တဲ့အခါ ကျောက်တော်မြို့နယ်က ကသစ်တောကျေးရွာက ဖမ်းဆီးခံထားရတဲ့ ရခိုင် ၉ ဦးတို့ဟာ အကျဉ်းထောင် ဝန်ထမ်းတွေရဲ့ မတရား အလုပ်စေခိုင်းမှု ခံနေရတယ်ဆိုပြီး တိတိကျကျကို ပြောပါတယ်။ ပိုက်ဆံလည်းမပေးရတဲ့အတွက် အလုပ်ကိုပဲ ဖိခိုင်းနေတာ နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ လူသားချင်းစာနာ ကိစ္စတွေ၊ ဘာတွေ ဆိုတာကတော့ တလွှဲစီ ဖြစ်နေပါတယ်။ တတ်နိုင်မယ်ဆိုရင် အခုအတင်း အလုပ်စေခိုင်းခြင်း ခံနေရတဲ့ လူသားတွေကို အချုပ်ကာလအတွင်း အလုပ်စေခိုင်းမှု မပြုပဲ စီစဉ်ပေးဖို့ လိုပါတယ်”

ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ်တွေဟာ မောင်တော၊ စစ်တွေ ပဋိပက္ခတွေအပြီး တစ်လကျော်ခန့် အကြာမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး လူ ၇ ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာတွေက ဒေသခံ ၃၁ ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီထဲက တချို့ကို အာဏာပိုင်တွေက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး စစ်တွေ အကျဉ်းထောင်ထဲ မှာတော့ ၂၄ ဦး ဆက်လက် ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။