ရခိုင်နဲ့ ပလက်ဝမှာ စစ်ဘေးဒုက္ခသည် ကိုးသောင်းနီးပါး နေရပ်မပြန်နိုင်သေး

RFA Burmese
2023.01.12
ရခိုင်နဲ့ ပလက်ဝမှာ စစ်ဘေးဒုက္ခသည် ကိုးသောင်းနီးပါး နေရပ်မပြန်နိုင်သေး ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Khine Murn Chun

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ တိုက်ပွဲ ရပ်စဲနေတာ အချိန်တစ်လကျော်ရှိလာပေမယ့် စစ်ဘေးဒုက္ခသည် ကိုးသောင်းနီးပါးကတော့ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇန်နဝါရီလ ၁၁ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၁၆၀၀၀ ကျော်ရှိပြီး ယခင်နဲ့ လက်ရှိ ဒုက္ခသည်စုစုပေါင်း ၈၉၀၀၀ ကျော်ရှိ ကျန်ရှိနေသေးတာလို့ ဆိုပါတယ်။

ဒုက္ခသည်တွေကတော့ နေအိမ်တွေ မီးရှို့ခံရတာတွေ၊ ရွာအနီးမှာစစ်ကောင်စီတပ်က စခန်းချထားတာတွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် နေရပ်ကိုမပြန်ရဲကြသေးတာလို့ RFA ကိုပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ AA တို့ဟာ တိုက်ပွဲရပ်စဲနေပေမယ့် ထိလွယ်ရှလွယ် ဖြစ်နေဆဲဖြစ်ပြီး နှစ်ဖက် စစ်ဆေးရေးဂိတ်တွေလည်း ရှိနေဆဲပဲလို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲကာလအတွင်းက ပိတ်ပင်ခဲ့တဲ့ အရေးပါတဲ့ လမ်းမကြီးတွေနဲ့ ရေလမ်းကြောင်းတွေ ကိုတော့ ပြန်ဖွင့်ပေးထားပြီး ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းကိုတော့ စစ်ကောင်စီ တပ်က ဒီကနေ့အထိ ပိတ်ပင်ထားဆဲလို့ လည်းဆိုပါတယ်။

လမ်းတွေပြန်ဖွင့်ပေးတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ထိခိုက်ခံစားနေရတဲ့သူတွေနဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ ပြန်လည်စတင်နေပြီလို့လည်း ပြောပါတယ်။

ဒါပေမဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့၊ ကျောက်တော်နဲ့ ပေါက်တော မြို့နယ်ရှစ်ခုမှာတော့ မြို့ပေါ်တွင်းသာ လူသားချင်းစာနာမှု အကူအညီတွေပေးခွင့်ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း လူဦးရေ သုံးသိန်းလေးသောင်းအတွက် စားနပ်ရိက္ခာတစ်လစာနဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ သွားရောက် ကူညီခွင့်ရခဲ့တယ်လို့ ဇန်နဝါရီ ၁၁ ရက်နေ့ မနေ့ကထုတ်ပြန်ထားပါတယ်။

အဲဒီလို ကူညီခွင့်ရတာဟာ စက်တင်ဘာလကတည်းက အထောက်အပံ့တွေမရခဲ့တဲ့ လူဦးရေ ၁၃၀၀၀၀ အတွက် အရေးပါပြီး ဆက်လက်ကူညီခွင့်ရရှိအောင်လည်း ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲတွေ၊ လုံခြုံရေးတင်းကျပ်မှုတွေ၊ ကန့်သတ်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားတွေအပေါ်မှာ ခြိမ်းခြောက်မှုတွေကြောင့် လူသားချင်းစာနာမှု အကူအညီရေးပေးရေး လုပ်ငန်းတွေ အဟန့်အတားဖြစ်စေတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တစ်ဖက်မှာလည်း အရပ်သားတွေ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေသလို နေရပ်စွန့်ခွာ နေကြရဆဲဖြစ်ပြီး ခက်ခဲနေတဲ့ အခြေအနေတွေနဲ့ နေထိုင်နေကြရတဲ့အတွက် လူမှုကယ်ဆယ်ရေးအကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ နေရပ်စွန့်ခွာနေရသူ လူဦးရေ ၁ ဒသမ ၅ သန်းကျော်အထိ ရှိလာပြီလို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။