မုန်တိုင်းသင့်ပြည်သူတွေ အရေးပေါ်အကူအညီ လိုအပ်နေဆဲလို့ AA ပြော
2023.07.17

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်အများအပြား ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မုန်တိုင်းတိုက်ခတ်ခဲ့တာ နှစ်လရှိသွားခဲ့ပေမယ့် နေအိမ်ပျက်စီးသွားသူအားလုံး အမိုးအကာတွေအောက်ကို မရောက်နိုင်ကြသေးဘူးလို့လည်း ဆိုပါတယ်။
အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေနဲ့အတူ ပြန်လည်ထူထောင်ရေးအတွက်လည်း လိုအပ်ချက်များစွာရှိနေပြီး အကူအညီပေးကြဖို့လည်း AA က တောင်းဆိုထားပါတယ်။
AA အနေနဲ့ မုန်တိုင်းအဓိကတိုက်ခတ်သွားတဲ့ မြို့နယ်တွေမှာ အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေကို ပြည်တွင်း၊ ပြည်ပ အလှူငွေတွေနဲ့ စနစ်တကျဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မုန်တိုင်းဒဏ်သင့်ခဲ့သူတွေထဲက ၇၅ ရာခိုင်နှုန်းဟာ လက်ရှိ အမိုးအကာအောက်ကို ရောက်နေပေမယ့် ကျန်တဲ့သူတွေလည်း အမိုးအကာအောက် ရောက်ရှိနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာ နေအိမ်တွေနဲ့ လုပ်ကိုင်စားသောက်တဲ့ စိုက်ခင်းတွေ အဓိကပျက်စီးသွားခဲ့တာပါ။
လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ဆောင်ရွက်ရေးအဖွဲ့ (ACRO) ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက အဲဒီမြို့နယ်တွေထဲက ရွာအချို့မှာ အခုအထိ နေအိမ်တွေ မပြုပြင်နိုင်သေးသလို ဒေသခံတွေလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေရှိနေတယ်လို့ RFA ကိုပြောပါတယ်။
မုန်တိုင်းကြောင့် ပျက်စီးမှုတွေဟာ အဆမတန် များပြားနေတာကြောင့် နိုင်ငံတကာ အဖွဲ့တွေ အင်တိုက်အားတိုက် လုပ်ဆောင်နိုင်မှပဲ ပြန်လည်ထူထောင်နိုင်မယ့် အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။
ရခိုင်မှာ မုန်တိုင်းကြောင့် အိမ်ခြေစုစုပေါင်း ၂၉၀,၀၀၀ နီးပါး ပျက်စီးသွားပြီး ပြည်သူ ၁၅ သိန်းကျော် ထိခိုက်နစ်နာခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။