ရခိုင်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး အကြိုရှင်းလင်းပွဲ


2017.02.25
zawayemaung-620.jpg ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Kaung Htet Kyaw/RFA

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တည်ငြိမ်အေးချမ်းတဲ့ ဘယ်နေရာမှာမဆို ကျင်းပခွင့်ပြုမယ်ဆိုရင် လက်ခံမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေ ကျင်းပနိုင်ရေး အကြိုရှင်းလင်းပွဲမှာ ဝန်ကြီး ဦးဇော်အေးမောင် က ပြောတာဖြစ်ပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ လုံခြုံရေးကိုတာဝန်ယူတဲ့ အဖွဲ့အစည်းပေါ်မူတည်တာပေါ့၊ လုပ်တဲ့နေရာပေါ်မှာလည်းမူတည်တာပေါ့၊ ဘူးသီးတောင်၊ မောင်တောတို့ပြဿနာဖြစ်တဲ့ နေရာတွေမှာတော့ သွားလုပ်လို့ဘယ်ရမလဲ၊ အေးချမ်းမှုရှိတဲ့ စစ်တွေတို့၊ ကျောက်ဖြူတို့၊ သံတွဲတို့ဖက်မှာလုပ်ရင်ရတယ်၊ ရန်ကုန်တိုင်းမှာလာလုပ်လည်းရတယ်၊ ဟိုကရတဲ့အဖြေဒီမှာယူလာ၊ ဒီနေ့ခေတ်က မီဒီယာခေတ်ဖြစ်သွားပြီ၊ လူအားလုံးစုပြီးတော့ လုပ်ရတဲ့ခေတ်တောင်မဟုတ်ဘူး"

ရခိုင်ပြည်နယ်မှာ အစိုးရက လုံခြုံရေးအရ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ ခွင့်မပြုသေးတာဖြစ်နိုင်ကြောင်း ဦးဇော်အေးမောင် က ပြောပါတယ်။

ဒီနေ့ပွဲဟာ ရခိုင်ပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတွေကို ရှင်းပြတာဖြစ်ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ မကျင်းပသေးဘဲ ဆိုင်းငံ့ထားဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UDPJC မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပခွင့်ပြုပေမယ့် ရခိုင်ပြည်နယ် မှာတော့ ကျင်းပခွင့်မရရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။