ဒုက္ခသည်တွေအတွက် ဆုတောင်းပွဲပိတ်ပင်ခံရ
2012.06.30
ဒီပွဲကို ရှမ်းပြည်နယ် တောင်ပိုင်း ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တောင်ကြီးမြို့ NLD လူငယ်တွေက စီစဉ်ထားတာပါ။
အခုလို ပွဲကျင်းပခွင့် မရပေမယ့် တက်ရောက်လာသူတွေက အလှူငွေတွေ ထည့်ဝင် သွားကြတယ်လို့ ဆုတောင်းပွဲ ဖြစ်မြောက်ရေး ဦးဆောင်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ၈၈ မျိုးဆက် အဖွဲ့က ကျူရှင်ဆရာ ဦးနေမျိုးက RFA ကို ပြောပါတယ်။
"ဒီနေ့ မလုပ်ဖြစ်တော့ဘူးဗျ။ ဖိတ်စာတွေ ဖိတ်ပြီးမှ မနေ့က နှစ်နာရီလောက်မှ ရှမ်းပြည်နယ် အစိုးရက ခွင့်မပြုပါကြောင်းဆိုပြီးတော့ ကျွန်တော်တို့ကို စာရွက်ပို့လာတယ်ခင်ဗျ။ မလုပ်ဖြစ်တော့ ကျွန်တော်တို့ မနက်ကတော့ လာတဲ့ ပရိသတ်တွေကို တောင်းပန်ရတာပေါ့ဗျာ။ အဲဒီမှာကတော့ ရခိုင်နဲ့ ကချင် ဒုက္ခသည်တွေအတွက် ရန်ပုံငွေတွေ ထည့်သွားကြတာဗျ။ အခုတော့ လေးသိန်းလောက် ရပြီပေါ့"
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ ဆစ်ခ်ဘာသာတို့ရဲ့ ဒေသဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့ပြီး ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းတွေ ဆွေးနွေးဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။
ဒီပွဲတက်ဖို့ တောင်ကြီးမြို့က ရပ်မိ ရပ်ဖတွေအပြင် အောင်ပန်း၊ ညောင်ရွှေ၊ ဟိုပုံးမြို့ကလူတွေလည်း ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။