ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ စဉ်းစားနေကြောင်း ဝန်ကြီးပြော


2019.07.26
mobile-tower-622.jpg အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်က မြို့နယ် ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တစ်ခုမှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ စဉ်းစားနေတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်ကစပြီး အင်တာနက် ဖြတ်တောက်ထားတာ ဒီကနေ့ဆို ၃၅ ရက်ရှိပြီဖြစ်ပါတယ်။

မိုးရာသီဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းတွေအပါအဝင် တခြားနေ့တဓူဝသတင်းတွေ မရရှိနိုင်လို့ သတင်းအမှောင်ချထားတာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်တာလည်းရှိပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်က အမုန်းစကားနဲ့ တရားဥပဒေစိုးမိုးရေး အနှောင့်အယှက်ဖြစ်လို့ အင်တာနက်ဖြတ်တောက်ခဲ့တာဖြစ်ကြောင်း၊ ပြန်ဖွင့်ဖို့ စဉ်းစားနေတယ်လို့ ဖြေကြားပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ အင်တာနက်ဖြတ်တောက်မှု ပြန်ဖွင့်ပေးမယ်ဆိုတာကိုတော့ ဝန်ကြီး ဦးသန့်စင်မောင်က မပြောကြားခဲ့ပါဘူး။

အခုလို အက်တာနက်လိုင်းတွေကို ပိတ်ထားတာဟာ ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က လူ့အခွင့်ရေးချိုးဖောက်မှုတွေ ပိုဖြစ်နိုင်မလား၊ ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုံး သတ်ဖြတ်နေသလားဆိုတဲ့ လူတွေရဲ့ စိုးရိမ်စိတ်ကို ပိုဖြစ်စေတယ်လို့လည်း Fortify Rightsအဖွဲ့ရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မကြာသေးခင်က ဆွေးနွေးအတည်ပြုထားပေမယ့် အခုအချိန်အထိ ပြန်ဖွင့်မပေးသေးတာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။