ကျောက်ဖြူဒေသခံ ၂၀၀ကျော် ဒေဝူး ကုမ္ပဏီရုံးရှေ့မှာ ဆန္ဒပြ
2015.06.03

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၂၀၀ ကျော်က ကိုရီးယားဒေဝူး ကုမ္ပဏီရုံးရှေ့မှာ ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
စက်ရုံဆောက်လုပ်စဉ်က အသုံးပြုထားတဲ့ ရွှံ့တွေဟာ အနီးအနားက လယ်ယာမြေ တွေထဲ ရောက်ရှိလာ တာကြောင့် လယ်ယာမြေ ဧက ၆၀ လောက် ပျက်စီးသွားလို့ ဆန္ဒပြကြတာဖြစ်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။
"ဓာတ်ငွေ့စက်ရုံတစ်ခုရှိပါတယ်၊ ဒေဝူးဆိုတဲ့ကုမ္ပဏီက အကောင်အထည်ဖော်တဲ့ အခါကျရင် ယန္တရားအမျိုးမျိုး နဲ့ မြေတွေကိုအသုံးချတယ်၊ အဲ့လိုအသုံးချပြီးရင် မိုးတွင်း ဆို အဲ့မြေတွေကအရည်တွေပျော်ပြီး ကျနော် တို့အောက်ဘက်က လယ်ကွင်း တစ်လျှောက်လုံးကို ဖုံးလွှမ်းသွားပါတယ်၊ ကျနော်တို့လယ်သမားတွေက စပါးစိုက်ပျိုး လို့မရတော့ဘူး၊ ကျနော်တို့စိုက်ပျိုးမြေဖုံးလွှမ်းသွားတာကို ဖြေရှင်းပေးပေါ့နော်၊ နောက်တစ်ချက် က လယ်သမားဆန္ဒလိုက်လျောပေးဆိုတဲ့ တစ်ချက်ပါ၊ နောက်တစ်ခုက ဒေဝူးကုမ္ပဏီ အလိုမရှိ ဆိုတဲ့ ၃ ချက်နဲ့ ဆိုင်းဘုတ်တင်တယ်ခင်ဗျ"
အရင်နှစ်တွေကလည်း အလားတူ ပျက်စီးရာမှာ ဒေဝူးကုမ္ပဏီက သီးနှံလျော်ကြေး ပုံမှန်ထုတ်ပေးခဲ့ပေမယ့် ဒီနှစ်မှာ လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ ပါရမီ ကုမ္ပဏီကို တာဝန်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ပါရမီကုမ္ပဏီက လယ်ယာ မြေတွေကို မပြုပြင်ပေးဘဲ တစ်ဧကကို ငွေကျပ် ၁၀ သိန်းနှုန်း နဲ့ တောင်သူတွေထံပေးဖို့ စီစဉ်တာကို လက်မခံတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ လိပ်ခမော်၊ မလကျွန်း၊ ဂုံးချွိန်၊ ရွာသစ်၊ ကြတ်တိန်၊ အုန်းတော စတဲ့ ကျေးရွာတွေက တောင်သူတွေ ပါဝင်ခဲ့ပါတယ်။ ဒေဝူးကုမ္ပဏီဟာ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံကို ဂုံးချွိန်နဲ့ မလကျွန်းကျေးရွာအနီးမှာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက် ကစပြီး ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။