မြောက်ဦးမှာ စိတ်ကြွဆေးပြား ၄ သိန်းကျော် သိမ်းဆည်းရမိ
2014.09.28

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ငွေကျပ်သိန်း ၁၂၀၀၀ ကျော်တန်ဖိုးရှိတဲ့ WY စာတန်းပါ ပန်းရောင်စိတ် ကြွဆေးပြား လေးသိန်းတစ်သောင်းကျော်ကို မနေ့က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့ ရှေးဟောင်းနန်းတော်ရာကုန်းပေါ်မှာ လွှင့်ပစ်ထားတာကို ကလေးတစ်ဦးက တွေ့ရှိခဲ့ရာကနေ ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာဖြစ်ကြောင်း မြောက်ဦးမြို့မှာ တာဝန်ကျနေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
မနေ့က သိမ်းဆည်းရမိခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဟာ မြောက်ဦးမြို့မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမှုတွေထဲမှာ အရေအတွက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့သိမ်ကြီးစု ဘုန်းကြီးကျောင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူထုဆွေးနွေးပွဲကို ဝိုင်းမော်မြို့နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဦးဆောင်ပြီး ဒီနေ့ ကျင်းပခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပိုများလာတာကြောင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးမှာ လူထုအားလုံးပါဝင်လာဖို့လိုအပ်တဲ့အတွက် အခုလိုဆွေးနွေးပွဲ ကျင်းပတာဖြစ်တယ်လို့ ဝိုင်းမော်မြို့နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဦးစိုင်းမျိုးက ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကနေ ကော်မတီတစ်ရပ်ဖွဲ့စည်းသွားမှာဖြစ်ပြီး ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို ဝိုင်းမော်မြို့နယ် ခတ်ချို၊ ခတ်တန်၊ သာဂရ၊ ဝါးရှောင်၊ ဆန်ပိုင်၊ ကန်တော်ယန် စတဲ့ ကျေးရွာတွေ က ဒေသခံရှမ်းတိုင်းရင်းသား တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။