အကျဉ်းထောင် ဗုံးကြဲခံရလို့ သုံ့ပန်းတချို့သေဆုံးကြောင်း AA ထုတ်ပြန်

2022.09.29
အကျဉ်းထောင် ဗုံးကြဲခံရလို့ သုံ့ပန်းတချို့သေဆုံးကြောင်း AA ထုတ်ပြန် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များ။
Photo : AA
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း လက်ပံတောင်ကြောပေါ်မှာရှိတဲ့ ရက္ခိုင့်တပ်တော်(AA)ရဲ့ တပ်စခန်းကို စက်တင်ဘာ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အကျဉ်းထောင် နှစ်ခု ထိမှန်သွားတယ်လို့ ရက္ခိုင့်တပ်တော်(AA)က မနေ့က ထုန်ပြန်ပါတယ်။
ဒါကြောင့် အဲဒီအကျဉ်းထောင်တွေမှာ အကျဉ်းချခံထားရတဲ့ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ တခြားအကျဉ်းသားတချို့ ဒဏ်ရာရ၊ သေဆုံးတာတွေရှိတယ်လို့လည်းဆိုပါတယ်။


ထိခိုက်ဒဏ်ရာရသွားတဲ့ အကျဉ်းသားတွေကို ရက္ခိုင့်တပ်တော်(AA)က ဆေးကုသထားပြီး ဆေးဝါးအခက်အခဲရှိ တာကြောင့် သူတို့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီတပ်ကို အမြန်ဆုံးလာယူဖို့ အကြောင်းထားပေမယ့် လျစ်လျူရှုထားတယ်လို့လည်း AA က ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)မှာ အကျဉ်းကျနေတဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ် လက်အောက်ခံ အမှတ်(၃) က ကိုယ်ပိုင်အမှတ် (၄၀၄၁၉) တပ်သားမြင့်ဆွေကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒဏ်ရာရသွားတယ်လို့ AA က ထုန်ပြန်တဲ့ ဗွီဒီယိုမှာ ပြောဆိုထားပါတယ်။

“မြန်မာစစ်တပ်က ကျနော်တို့ကို ထိန်းသိမ်းထားတဲ့ အဆောင်ကို ဂျက်ဖိုက်တာသုံးစီးနဲ့ လာရောက်ပစ်ခတ် ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဒဏ်ရာရပါတယ်။  ကျနော့်သူငယ်ချင်းတစ်ယောက်လည်း သေဆုံးသွားပါ တယ်။ ရက္ခိုင့်တပ်တော်(AA)ကတောင် ကျနော်တို့ကို လူသားချင်းစာနာပြီး လွှဲပြောင်းပေးဖို့ ကမ်းလှမ်းတာကို ကျနော်တို့ မြန်မာစစ်တပ်က ဘာကြောင့်လက်မခံရတာလဲ။ ကျနော်တို့ မြန်မာစစ်တပ်မှာ နှစ်ပေါင်း ၁၅ နှစ် လောက် တာဝန်ကျေအောင် ထမ်းဆောင်ခဲ့တာတောင်မှ မငဲ့ဘဲနဲ့ ကျနော်တို့ကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ အထက်က လူကြီးတွေကို ကျနော်တို့ကို ဆေးကုသပေးဖို့တောင်းဆိုပါတယ်”

စစ်ကောင်စီဘက်ကနေ လက်နက်နဲ့ရော လက်နက်မပါဘဲပါ ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား ၁၅၀ ကျော် အထိရှိနေတယ်လို့လည်း AAရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံး၊ ဒဏ်ရာရ အကျဉ်းသားအရေအတွက်ကို သိနိုင်ဖို့ AA ပြောခွင့်ရှိသူ ဦးခိုင်သုခကို RFA က မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ညအချိန်မှာ ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်တာ ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း RFA ကိုပြောပါတယ်။

“ဒီရက်ပိုင်းတော့ မပစ်တော့ဘူး။ ဒီလအတွင်းမှာတော့ ဂျက်လေယာဉ်တွေနဲ့ ပစ်တာတွေရှိတယ်။ ညအချိန်ပစ်တာဆိုတော့ ကျနော်တို့လည်း ဘယ်ကိုပစ်လဲ မသိရဘူး။ ကျနော့်အထင်တော့ သူတို့ သိမ်းပိုက်ခံလိုက်ရတဲ့ စခန်းအနီးအနား၊ ခမောင်းဆိပ်၊ မီးတိုက်ကျေးရွာ တောင်ကြောတွေကို ပစ်တာလို့ ထင်တယ်”

အဲဒီမောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန် တိုက်ပွဲစတင်တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ခမရ(၃၅၂) စခန်းနဲ့ သြဂုတ်လ ၃၁ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် အမှတ် ၄၀ အနီးက  စစ်ကောင်စီ နယ်ခြားစောင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သိမ်းပိုက်ခံလိုက်ရတဲ့ စခန်းတွေကို ပြန်လည်ရယူရေးအတွက် တုန့်ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီသတင်းစာ ရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။