ရခိုင်ပြည်နယ်မှာ ပဋိပက္ခအခြေနေ တင်းမာနေဆဲ

ရခိုင်ပြည်နယ်က အခြအနေတွေဟာ တင်းမာနေဆဲဖြစ်ပြီး ရခိုင်နဲ့ မွတ်ဆလင် နှစ်ဘက်ကြားမှာ စစ်တပ်က လုံခြုံရေး တင်းတင်းကျပ် ကျပ် ယူထားရဆဲ ဖြစ်တယ်လို့ အဲဒီကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကပြောပါတယ်။

2012.06.28
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနီလာသိန်းနှင့် မမီးမီးတို့ ရခိုင် ဒုက္ခသည်များအရေး တွေ့ဆုံစကားပြောနေစဉ်။
RFA

ဒီလ ဇွန်လ (၂၀) ရက်နေ့ ကတည်းက ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနီလာသိန်းနဲ့အတူ ရောက်ရှိနေတဲ့ မမီးမီးက အခြေအနေတွေကို အခုလို ပြောပြပါတယ်။

"ရခိုင်ပြည်နယ်မှာကတော့ လောလောဆယ် ဒီနောက်ဆုံး အခြေအနေကတော့ ရခိုင်နဲ့ သူတို့ မွတ်ဆလင်တွေကို သူတို့ သီးခြားထားထားပြီးတော့ ကြားထဲကနေပြီးတော့ စစ်တပ် ခံပြီးတော့ လုံခြုံရေးအနေနဲ့ ထားထားတာကိုတွေ့ရပါ တယ်။ နောက်ပြီးတော့ အခုလက်ရှိမှာလည်း စခန်းတွေမှာလည်း အလှူရှင်တွေ လာရောက်လှူဒါန်းနေတယ်ပေါ့နော်။ ဒါပေမဲ့ ပုဂ္ဂလိက အလှူရှင်တွေက များပါတယ်။ အစိုးရဘက်က လှူဒါန်းတာဆိုလို့ အနည်းငယ်သာ တွေ့ရပါသေးတယ်။ နောက် WFP ရဲ့ ဆန်အိတ် လှူဒါန်းမှုတော့ ရှိတယ်"

ရခိုင် ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့သလို မနေ့က သဲချောင်းရွာနားမှာရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကို လည်း ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်လေ့လာခဲ့တယ်လို့ မမီးမီးက ပြောပါတယ်။

အဲဒီစခန်းတွေမှာ ဒုက္ခသည်တွေကို အစိုးရက တာဝန်ယူပြီး ဆန်အိတ်တွေ ဝေပေးနေသလို မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊ ကြက်ခြေနီအသင်းတွေကလည်း ဆေးဝါးကုသရေးအပိုင်းမှာ ကူညီဆောင်ရွက်ပေးနေတာတွေကို မြင်တွေ့ခဲ့ရတယ်လို့ မမီးမီးက ဆိုပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကလည်း ပူးပေါင်းဆောင်ရွက်တယ်လို့ မမီးမီးက ပြောသွားပါတယ်။

တချိန်ထဲမှာလည်း ရခိုင်ပြည်နယ်က ဘေးဒုက္ခရောက် ပြည်သူတွေအတွက် အထက်ဗမာပြည် အလှူရှင်တွေက ကာလတန်ဖိုး သိန်း ထောင့်နှစ်ရာဖိုးလောက်ရှိတဲ့ အလှူပစ္စည်းနဲ့ ငွေတွေ လှူဒါန်းလိုက်တယ်လို့ သတင်းရရှိပါတယ်။

ဒီအလှူကို မန္တလေးမြို့ပေါ်နဲ့ စစ်ကိုင်း၊ မြင်းမူမြို့တွေက ပြည်သူနဲ့ လူမှုရေးအဖွဲ့တွေ စုပေါင်းလှူဒါန်းတာဖြစ်ပြီး မန္တလေးမြို့အခြေစိုက် ဗြဟ္မစိုရ်အသင်းက ကမကထပြုလုပ်တာပါ။ အလှူပစ္စည်းတွေ စစ်တွေမြို့ ရောက်နေပြီ ဆိုတဲ့အကြောင်းနဲ့ ပစ္စည်းတွေသွားပို့တဲ့ လမ်းခရီးက အခြေအနေကို ဗြဟ္မစိုရ်အသင်း ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က RFA ကို ပြောပါတယ်။

ဒီအလှူတွေအပြင် မန္တလေးမြို့ အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကလည်း ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အလှူရအောင် ဆောင်ရွက်နေပြီး မနက်ဖြန်မှာ အလှူရှင်တချို့ ပေးအပ်မှာကို လက်ခံဖို့ရှိတယ်လို့ အဖွဲ့ခေါင်းဆောင် ဦးငြိမ်းချမ်းက ပြောပါတယ်။

အလားတူပဲ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပဋိပက္ခတွေ ဖြစ်နေတဲ့ဒေသက ဒုက္ခသည်တွေကို ငွေကြေးနဲ့ ပစ္စည်းတွေ ကူညီဖို့ ကြိုးပမ်းနေရာမှာ လာမယ့် ဇူလိုင်လ (၁) ရက် တနင်္ဂနွေနေ့ကျရင် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကိုယ်တိုင် စစ်တွေမြို့ကို သွားရောက်ပြီး ဒုက္ခသည်တွေကို ကူညီလှူဒါန်းမှာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်နိုင်ဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ကြိုတင်ရောက်နေတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာ စံရွှေမောင် ခေါ် ဦးအောင်လွင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။