နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ AA ပြော

RFA Burmese
2023.01.03
နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ AA ပြော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အရှေ့တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ၂၀၁၈ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က နုတ်ထွက်စာတင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ ကျော်ကို တာဝန်ပြန်ထမ်းဆောင်ဖို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA)၊ ရက္ခိုင့်တပ်တော် (AA) က ခေါ်ပြောခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူး ၁၀၀ ကျော်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ မနေ့က ULA ရဲ့ နယ်မြေရုံးမှာ အစည်းအဝေးပြုလုပ်ပြီး ပြောဆိုခဲ့တာလို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေက RFA ကို ပြောပါတယ်။

ဒါကြောင့် အုပ်ချုပ်ရေးမှူး ဆက်လုပ်ရတော့မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ပြောတာက ရွာထဲမှာ အုပ်ချုပ်ရေးမှူးတွေမရှိရင် ရွာသားတွေအတွက် နစ်နာတယ်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကို တောင်းလို့မရဘူး။ ထောက်ခံစာတွေ မရဘူး။ မှတ်ပုံတင်အသစ်တွေ လုပ်လို့မရဘူး။ အုပ်ချုပ်ရေးမှူး အသစ်ခန့်ဖို့ကလည်း လွယ်မှာမဟုတ်ဘူး။ ဒါကြောင့် ဆက်ပြီးလုပ်ရမယ် ပြောတယ်။ ကျနော်တို့ကတော့ ဘာတတ်နိုင်မှာလဲ။ ဆက်လုပ်ဆိုရင် လုပ်ရတော့မှာပေါ့”

ပုဏ္ဏားကျွန်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၉၂ ဦးနဲ့ ရသေ့တောင်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၉ ဦးတို့ဟာ ရွာသားတွေကို မကာကွယ်နိုင်သလို စစ်ကောင်စီတပ်နဲ့ AA တို့ကြားမှာ ကြားညှပ်နေလို့ဆိုပြီး ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ နုတ်ထွက်စာ တင်ခဲ့ကြတာပါ။

လက်ရှိ နှစ်ဖက်တိုက်ပွဲ ရပ်နေချိန်မှာတော့ အုပ်ချုပ်ရေးမှူးဆက်လုပ်လို့ အဆင်ပြေပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်လာရင်တော့ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့လည်း အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို AA က ဘာကြောင့်ပြန်လည်တာဝန် ထမ်းဆောင်ခိုင်းတာလဲဆိုတာ တိတိကျကျသိရဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်ထားဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ အတွင်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၃၀ ဦး နုတ်ထွက်စာတင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။