စစ်တပ်ကသိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ရဖို့ ဂွဒေသခံတွေ ဆန္ဒပြမည်


2014.01.09

ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေနဲ့ အုန်းခြံဧကပေါင်း တစ်ထောင်ကျော်ကို ပြန်ပေးဖို့အတွက် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခွင့်ရဖို့ အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တောင်သူတွေ ဒီကနေ့ ခွင့်ပြုချက်လျှောက်ထားလိုက်ပါတယ်။

ဂွမြို့နယ်က လယ်သမား ၁၅၀ လောက် ဆန္ဒပြခွင့် လျှောက်ထားတာဖြစ်ကြောင်း ဦးဆောင်လျှောက်ထားရာမှာ ပါဝင်တဲ့ ဂွမြို့ခံတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက RFA ကို ပြောပါတယ်။

“ကျနော်တို့ရဲ့ဆန္ဒကို အပေါ်ကလူကြီးတွေ ပိုမိုပြီးတော့ သိအောင်ဆိုပြီးတော့ ကျနော်တို့က အနောက်တိုင်းစစ်ဌာနချုပ်ရှေ့မှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ကာကွယ်ရေးဝန်ကြီးဌာန က ပြန်ပေးဖို့ တိုင်းအဆင့်မှာ လာရောက်ပြီးတော့ ပြည်သူတွေရဲ့ဆန္ဒကို ဖော်ထုတ်တာ”

အဲဒီမြေတွေအတွက် လက်ရှိစီမံခန့်ခွဲနေတဲ့ ငပလီအခြေစိုက် ခလရ-၅၅ တပ်ရင်းရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဆန္ဒပြခွင့်လျှောက်ထားခဲ့ရာမှာ ငြင်းပယ် ခံခဲ့ရပါတယ်။

အဲဒီလို ငြင်းပယ်ခံရတဲ့အတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကို အယူခံလျှောက်ထားရာမှာလည်း ဒီကနေ့အချိန်အထိ အရေးယူစဉ်းစားပေးတာမရှိကြောင်း ရှေ့နေဦးတင်ညိုက ပြောပါတယ်။ ဒါကြောင့် ဒီကနေ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးရှေ့မှာ ဆန္ဒပြခွင့် ထပ်မံလျှောက်ထားရတာ ဖြစ်တယ်လို့လည်း ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

ဂွမြို့နယ် ကမ်းသာယာ ကမ်းခြေတလျှောက်မှာရှိတဲ့ လယ်ယာမြေနဲ့ အုန်းခြံမြေဧကပေါင်း ၃၀၀ ကျော်အပြင် ကျိန္တလီမြို့နယ်ခွဲ ပုန်းညှက်ရွာတဝိုက်က လယ်ယာမြေဧကပေါင်း ၉၀၀ ကျော်၊ စုစုပေါင်းမြေဧက ၁၀၀၀ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉၀ အလွန်ခုနှစ်တွေတုန်းက တပ်ကသိမ်းဆည်းခဲ့တာလို့ သိရပါတယ်။

တပ်မတော်က သိမ်းဆည်းခဲ့စဉ်က အဲဒီလယ်ယာမြေတွေနဲ့ အုန်းခြံမြေတွေမှာ စီမံကိန်းတွေ အကောင်အထည်ဖေါ်မယ်ဆိုပြီး သိမ်းဆည်းခဲ့ပေမဲ့ ဒီကနေ့အချိန်အထိ စီမံကိန်းအကောင်အထည်ဖော်တာ မရှိတဲ့အတွက် လယ်သမားတွေက စုပေါင်းတောင်းဆိုကြတာဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။