နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ကုလ အထူး ကိုယ်စားလှယ် တောင်းဆို
2010.12.14

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ တလပြည့်တဲ့ ဒီဇင်ဘာ ၁၃ ရက် မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား အများစုဟာ အကျဉ်းထောင်တွင်း အခြေအနေတွေ ဆိုးဝါးလွန်းတဲ့အတွက် ကျန်းမာရေး ချို့တဲ့နေကြကြောင်း၊ ဒီလ ၈ ရက်နေ့ကဆိုရင် အကျဉ်းထောင်ထဲမှာ သံဃာတော်တပါး ပျံလွန်တော်မူ့ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်ကနေစပြီး အခုအထိ နိုင်ငံရေးအကျဉ်းသား ၁၄၅ ဦး ထိန်းသိမ်းခံထားရစဉ်အတွင်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
အဲဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး မစ္စတာ Quintana က RFA ကို ပြောဆိုရာမှာ အခုလက်ရှိ စစ်အစိုးရအနေနဲ့ ပါလီမန်ခေါ်တာတွေ ၊ နောက်အစိုးရ တက်လာတာတွေကို စောင့်မနေပဲ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း လျှောက်လှမ်းမယ်ဆိုရင် ဒီအချက်တွေဟာ မလွဲမသွေ လိုက်နာရမဲ့ ဒီမိုကရေစီစံတွေ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲပြီးရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါမယ်လို့ သူကို ကတိပေးခဲ့ပေမဲ့ အခုအထိ လွတ်ရက်စေ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က လွဲလို့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသား တယောက်မှ လွှတ်မပေးသေးဘူးလို့ ပြောဆိုသွားပါတယ်။
ဆက်လက်ပြီး မစ္စတာ Quintana က သူအနေနဲ့ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ခွင့် တောင်းထား ခဲ့ကြောင်း၊ RFA ကို ပြောပါတယ်။
ကျွန်တော့အနေနဲ့ ဒီလအတွင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခွင့် တောင်းထားပေမဲ့ မြန်မာစစ်အစိုးရက အခုထိ ဘာမှ အကြောင်းမပြန်တဲ့အတွက် မသေချာတော့ပါဘူး ။ ရှေ့နှစ်အစ ဒါမှမဟုတ် ရှေ့နှစ်ထဲမှာ သွားရောက်ခွင့်ရအောင် အပြင်းအထန် တောင်းဆိုမှာပါ ။ ဒီတောအတွင်းမှာပဲ ကျွန်တော့အနေနဲ့ အာဆီယံ နိုင်ငံတွေအပါအဝင် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို သွားရောက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကောင်းမွန်ဖို့ အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းသွားမှာပါလို့ ပြောဆိုခဲ့ပါတယ်။