တာချီလိတ်ခရိုင် ငလျင်ဒုက္ခသည်များ အအေးဒဏ် ခံစားနေရ
2011.04.01

တာလေနဲ့ မိုင်းလင်းဒေသတွေဖက်မှာတော့ ငလျင်ဒဏ်သင့်ခဲ့ပြီးနောက်ပိုင်း ကူညီ ကယ်ဆယ်သူတချို့နဲ့ World Vision အဖွဲ့ဝင်တွေက အစားအသောက်နဲ့ ရေသန့်ဘူးတွေ ဝေပေးခဲ့တဲ့အတွက် ကျန်းမာရေး ထိခိုက်မှု တစုံတရာ မရှိခဲ့ပေမဲ့ ခရစ်ယာန် ဘုရားကျောင်း ပြိုကျခဲ့လို့ လူ ၂၀ ကျော် ချက်ချင်းသေဆုံးခဲ့တဲ့ ကျကူညီ ကျေးရွာတဝိုက်မှာတော့ သောက်သုံးရေ အပြည့်အဝ မရရှိခဲ့တာကြောင့် ကလေးအများစုဟာ ဝမ်းရောဂါဖြစ်ပွားနေကြပြီး ဆေးဝါး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး အဲ့ဒီဒေသအတွင်းမှာ ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးနေတဲ့ တသီးပုဂ္ဂလ ကူညီနေသူတဦးက RFA ကို အခုလို ပြောပါတယ်။
“ကျကူညီဖက်မှာ လောခါးတို့ရွာဖက်မှာ နည်းနည်း ဝမ်းလျှောတယ် ကလေးတွေ အယောက် ၄၀ လောက်။ ဟိုတပတ်တုန်းက သောက်သုံးရေ မရတာလေ။ ဒီတရက် နှစ်ရက်လောက်မှာ သောက်သုံးရေ ပေးလိုက်တော့ အခု ဒီနေ့တော့ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး။ မနေ့ကတော့ အသေအပျောက်တော့ မရှိဘူး။ အများအားဖြင့် ကလေးဖြစ်တယ်။ ဆေးဝါးလည်း မရောက်သေးဘူး။ ဒုက္ခသည်တွေက ကျကူညီ တရွာတည်းမှာတော့ အခု လောလောဆယ်တော့ ခုနှစ်ရာ။ ကျကူညီရွာကပဲ လောခိုဖဲရွာမှာ ပြောင်းရွေ့နေတဲ့ ၄၄ အိမ်ကျတော့လည်း တရာ့ရှစ်ဆယ် နှစ်ရာလောက် ရှိမယ်။ ပေသေလ မှာလည်း ၂၀၀ ၊ တာလေနဲ့ဆိုတော့ အနည်းဆုံး သုံးထောင်တော့ ကျော်မယ်။”
ကူညီကယ်ဆယ်ရေးပစ္စည်းတွေ လာရောက် လှူဒါန်းနေသူတွေကိုလည်း ငလျင်လှုပ်ခဲ့ပြီးချိန်ကစပြီး စစ်အစိုးရ တပ်ဖွဲ့ဝင်တွေကိုသာ အပ်နှံပေးခဲ့ရပြီးတော့ ငလျင်ဘေးဒဏ် သင့်ခဲ့တဲ့ ပြည်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခွင့် မရခဲ့ပေမဲ့ အခုရက်ပိုင်းမှာတော့ လှူဒါန်းမဲ့ ပစ္စည်းစာရင်းတွေကိုသာ ပေးအပ်ရပြီး အလှူရှင်တွေကိုယ်တိုင် ငလျင်ဒဏ်သင့်သူတွေကို ကူညီခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ လောလောဆယ်မှာတော့ ငလျင်ဘေးသင့် ပြည်သူတွေဟာ ရာသီဥတုအေးလွန်းတာကြောင့် နွေးနွေးထွေးထွေး နေထိုင်နိုင်ကြဖို့အတွက် အဝတ်အထည်တွေနဲ့ စောင် တွေ လိုအပ်နေကြတယ်လို့လည်း ခုနက ကူညီနေသူကပဲ ပြောပါတယ်။
“အဓိက ပျက်စီးတာက ကျကူညီရယ် ပေသေလရယ် တာလေရယ် မိုင်းလင်းရယ် အဲ့ဒါပဲရှိတာကိုး။ ဒီ တာလေနားနဲ့ မိုင်းလင်း ကျတော့ ဒီလောက်ကြီး ပူစရာ မရှိပါဘူး။ ကျကူညီရွာတို့ ဒီလောခါး ရွာတို့ လေးရွာတို့ အဲ့မှာကျတော့ ဆင်းရဲတယ်။ တချို့က အနွေးထည်တွေ မရှိတဲ့အခါမှာ အခုဟာ မနေ့ကဆို အေးပြီးတော့ မီးလှုံနေတာလေ။ အဲဒါနဲ့ တာချီလိတ်က ပြည်သူ့စစ်အဖွဲ့တွေက စောင်တယောက် တထည် ၊ စောင်ရေ ၇၀၀ လောက် ပေးပေးတယ်။ လုံလောက်မှု မရှိဘူး အဲဒီမှာ လိုသေးတယ်။”
ငလျင်လှုပ်ခဲ့ပြီးနောက် တပတ်ကျော် ရှိလာပေမဲ့ ရှင်းလင်းရေးလုပ်ငန်းတွေ ပြီးစီးမှု မရှိသေးသလို ဒေသခံပြည်သူ အများစုဟာလည်း ယာယီတဲတွေနဲ့သာ နေထိုင်နေကြရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
ငလျင်ဒဏ်ကြောင့် သေဆုံးသူ ရာနဲ့ချီပြီး ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောဆိုနေကြပေမဲ့ ငလျင်လှုပ်ခဲ့ပြီး စစ်အစိုးရကနေ ၁၇ နာရီအကြာမှာ ထုတ်ပြန်ခဲ့တဲ့ သတင်းမှာတော့ သေဆုံးသူပေါင်း ၇၄ ဦးသာ ရှိပြီး ဒဏ်ရာရသူ ၁၂၅ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း သေဆုံး၊ ဒဏ်ရာ ရရှိသူတွေနဲ့ ပျက်စီးဆုံးရှုံးခဲ့မှုတွေနဲ့ ပတ်သက်လို့ စာရင်း ထပ်မံ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။