ရှမ်းပြည်နယ် ငလျင်ဒုက္ခသည်များ ရေအခက်အခဲရှိနေဆဲ

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့နယ်က ငလျင်ဘေးသင့် ပြည်သူတွေဟာ အခု အချိန်အထိ သောက်သုံးရေရဖို့ အခက်အခဲ ရှိနေဆဲပဲလို့ ကျိုင်းတုံအခြေစိုက် လူမှုရေးအဖွဲ့တွေက ပြောပါတယ်။

2011.04.21
quake_tarlay_305_z.png မတ်လ ၂၄ ရက်နေ့က မြေငလျင် လှုပ်သွားပြီးနောက် ရှမ်းပြည်နယ် တာလေမြို့တွင် ထောက်ပံ့ကူညီရေး ပစ္စည်းများ သယ်လာသည့် ဒုက္ခသည် တဦးကို ပြိုကျပျက်စီးနေသော အဆောက်အအုံများ အနီး တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ကယ်ဆယ်ရေး အလုပ်သမားတွေအနေနဲ့ တရွာဝင်တရွာထွက် ရေပေးဝေရေး လုပ်ဆောင်နေပေမဲ့ ရှေရှည် ပြန်လည် ထူထောင်ရေးနဲ့ နေရာချထားရေးတွေ ဆောင်ရွက်ရင် ရေပေးဝေတဲ့ ကိစ္စကို အခုလို နေ့စဉ် လုပ်ဆောင်ဖို့ ခက်ခဲကြောင်း၊ ငလျင်ဘေးသင့်သူတွေ အနေနဲ့ ရေရရှိရေး အရင်းအမြစ်တွေ ပျက်စီးခဲ့လို့ သောက်ရေ ပုံမှန်ရဖို့ ခက်ခဲနေသေးကြောင်း ကရုဏာ ကျိုင်းတုံ လူမှုရေးအဖွဲ့က ဘုန်းတော်ကြီး စတီဖင်အာနိုးက အိန္ဒိယထုတ် ကက်သလစ် သတင်းစာကို ဧပြီ ၂၀ ရက် မနေ့က ပြောပါတယ်။

အခုလောလောဆယ်မှာ World Vision အဖွဲ့နဲ့ ကရုဏာ လူမှုရေးအဖွဲ့တို့ ပူးပေါင်းပြီး ငလျင်ဘေး ခံထားရတဲ့ ရွာသူရွာသားတွေကို ခွဲတမ်းနဲ့ ရေပေးဝေနေရတယ်လို့ ဆိုပါတယ်။

ဒီဒေသတွေမှာ ကျေးရွာသားတွေဟာ သောက်ရေအပြင် လူနဲ့ တိရိစ္ဆာန်တွေ သုံးဖို့ ရေလည်း မရသေးတဲ့အတွက် ပူပင်နေရကြောင်း၊ ဒါ့အပြင် ရေသန့်မရတဲ့ အကျိုးဆက်အဖြစ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်နေကြောင်း၊ အထူးသဖြင့် အရေပြားဆိုင်ရာ ရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားလာတာ ရှိကြောင်း ရွာသားတွေက ပြောပါတယ်။

မတ်လ ၂၄ ရက်နေ့က လှုပ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၈ ပမာဏ ရှိတဲ့ တာလေငလျင်ကြောင့် တာချီလိတ်ခရိုင်တွင်းက ကျေးရွာ ၅၈ ရွာ ငလျင်ဘေးသင့်ခဲ့ပြီး လူဦးရေ ၁ သောင်း ၃ ထောင်နီးပါး ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။