ကချင်ပြည်သူ့စစ်က တစ်အိမ်တစ်ယောက် ရှေ့တန်းထွက်ဖို့ အမိန့်ထုတ်

RFA Burmese
2024.06.20
ကချင်ပြည်သူ့စစ်က တစ်အိမ်တစ်ယောက် ရှေ့တန်းထွက်ဖို့ အမိန့်ထုတ် ကချင်ပြည်နယ်ရှိ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Facebook/ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့

ကချင်ပြည်နယ် ချီဖွေနဲ့ ဆော့လော်မြို့နယ်က ကချင်အထူးဒေသ (၁) နယ်မြေအတွင်းမှာရှိတဲ့ ဒေသခံတွေအနေနဲ့ လက်ရှိမှာ ဒေသကာကွယ်ရမယ့် အရေးပေါ်အချိန်ဖြစ်လို့ တစ်အိမ်တစ်ယောက် ရှေ့တန်းတာဝန် မဖြစ်မနေ ထမ်းဆောင်ရမယ်လို့ ဇွန်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူစစ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကချင်ဒေသ အထူးဒေသ (၁) ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ နိုဇွန်ဘော်စစ်ကြောင်းက ထုတ်ပြန်တာဖြစ်ပြီး ဒေသခံတွေ ရှေ့တန်းထွက်ရမယ့်အပြင် မြေရှားသတ္တုတူးဖော်ရေး ကုမ္ပဏီတွေမှာ လုံခြုံရေးတာဝန်ယူပေးနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း အလှည့်ကျရှေ့တန်းထွက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့က အရင်ကတည်းက တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့အတွက် စစ်သားစုဆောင်းခဲ့ပြီး လက်ရှိမှာ ဒေသခံတွေကို စစ်မြေပြင်အထိသွားဖို့ ထပ်ဆင့်ဖိအားပေးနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ဘက်မှာ အရင်ကတည်းက တစ်အိမ်တစ်ယောက် ပြည်သူ့စစ် မလုပ်မနေရ လုပ်တာ။ တချို့ဆိုရင် တစ်အိမ်တစ်ယောက်တောင်မကဘူး၊ တစ်အိမ်ထဲမှာပဲ တစ်ယောက်က ပြည်သူစစ်၊ နောက်တစ်ယောက်က နယ်ခြားစောင့် လုပ်ရတယ်။ အခုဟာ ပြည်သူတွေလည်း ရှေ့တန်းသွားရမှာပေါ့”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ကချင်အထူးဒေသ (၁) က ပြည်သူ့စစ်တပ်ဖွဲ့ တာဝန်ရှိသူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ကချင်အထူးဒေသ (၁) မှာ ဧပြီလကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲတွေဖြစ်လာသလို လက်ရှိမှာလည်း စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချီဖွေမြို့နယ် ပန်ဝါမြို့ ဒေသခံတစ်ဦးကတော့ ပြည်သူတွေကို စစ်ပွဲထဲ တွန်းပို့နေတာက မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

“သူတို့ဘက်က ကြည့်ရင်တော့ သူတို့နယ်ကို ကာကွယ်တာပေါ့။ ဒါပေမဲ့ ပြည်သူတွေနစ်နာတာပေါ့။ အခုတောင် လမ်းတွေပိတ်လို့ ကျောင်းဆရာတွေလည်း တက်လာလို့မရ၊ ကုန်စျေးနှုန်းတွေလည်း စျေးကြီးနေတယ်။ ပြည်သူတွေ ဒုက္ခရောက်နေတာ။ တကယ်တိုက်ပွဲဖြစ်လာရင် နစ်နာတာက လူငယ်တွေပဲ”

ဇွန်လ ၇ ရက်နေ့ကလည်း ကချင်ပြည်နယ် ဆော့်လော်၊ ချီဖွေနဲ့ ကန်ပိုက်တီ ဒေသတွေကို ဝင်ရာက်လာတဲ့ KIA နဲ့ PDF တွေကို နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ဖို့ ကချင်ပြည်နယ်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက စစ်မိန့်ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။