ပြင်ဦးလွင် တပ်နယ် လုံခြုံဖို့လိုကြောင်း စစ်ခေါင်းဆောင် သတိပေး

RFA Burmese
2024.09.25
ပြင်ဦးလွင် တပ်နယ် လုံခြုံဖို့လိုကြောင်း စစ်ခေါင်းဆောင် သတိပေး မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ တစ်နေရာအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီတပ်ရဲ့ စစ်တက္ကသိုလ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေ အခြေစိုက်ရာ မန္တလေးတိုင်း ပြင်ဦးလွင်တပ်နယ် လုံခြုံဖို့ လိုအပ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ပြင်ဦးလွင် စစ်တက္ကသိုလ်၊ နဝဒေးခန်းမမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင် တပ်နယ်မှူးတို့က တပ်နယ်လုံခြုံရေးနဲ့ နယ်မြေတည်ငြိမ်ရေး ဆောင်ရွက်မှု အခြေအနေတွေကို တင်ပြဆွေးနွေးချိန်မှာ ပြောခဲ့တာပါ။

ဒါဟာ ပြင်ဦးလွင်နဲ့ မိုင်ငါးဆယ်ခန့်အကွာ နောင်ချိုမြို့နယ် တောင်ခမ်းရွာက အမြောက်တပ်တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က တိုက်ခိုက်နေချိန်မှာ အခုလို ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ပြင်ဦးလွင်ကို စစ်ကောင်စီက မဆုတ်တမ်းခံစစ် အဖြစ် ပြင်ဆင်နေတာလို့ RFA ကို ပြောပါတယ်။

“ဆုံးရှုံးပြီးသားနယ်မြေတွေကို ထိုးစစ်ဆင်တဲ့အခါမှာလည်း ပြင်ဦးလွင်ကို အဓိက စစ်ဆင်ရေးစခန်းတစ်ခုအဖြစ်၊ စစ်ဆင်ရေးတပ်မြို့ တစ်ခုအဖြစ် အသုံးပြုလာနိုင်ပါတယ်”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၃ နဲ့ ၂၄ ရက် နှစ်ရက်ကြာ ပြင်ဦးလွင်မြို့ကိုရောက်ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၆၇) နဲ့ တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်သင်တန်း အမှတ်စဥ် (၂၇) စစ်လက်ရုံးတပ်ဖွဲ့တွေကို စိစစ်ရွေးချယ်ခဲ့ပါတယ်။

သူ့ခရီးစဉ်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း တို့လည်းပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ပြင်ဦးလွင်မြို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် ဝန်ထမ်းမိသားစုတွေနဲ့ မြို့ခံတချို့ မန္တလေး၊ နေပြည်တော် စတဲ့မြို့တွေကို နေရပ်စွန့်ခွာခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။