ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး

RFA Burmese
2024.10.21
ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း တစ်နေရာကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အစပ်က ရွာတွေကို အောက်တိုဘာလ ၂၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ချိုမြို့နယ် ဂန့်ကော်ရွာ၊ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တို့နဲ့လည်း စစ်ရေးတင်းမာနေတယ်လို့ နောင်ချိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်ဘက်က စစ်ကြောင်းပြန်ထိုးလာတယ်။ သေနတ်သံတွေလည်း ကြားရတယ်။ အုမ္မသီးလမ်းခွဲနေရာကို ပြန်ရချင်တဲ့သဘောလို့ ပြောလို့ရတယ်။ ခရီးသည်ကားတွေကို ပိတ်ထားပြီ။ ပေးမသွားတော့ဘူး။ အစက သီတင်းကျွတ် ငါးရက် ဖွင့်ပေးမယ်ဆိုပြီး သတင်းတွေထွက်နေတာ။ အခုမရတော့ဘူး"

မန္တလေးနဲ့ ပြင်ဦးလွင်ကနေ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ လားရှိုးမြို့တွေကိုသွားတဲ့ကားတွေကို ပြင်ဦးလွင်-နောင်ချိုလမ်းပေါ်မှာရှိတဲ့ ဝက်ဝံရွာစစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်က ပိတ်ဆို့ထားတယ်လို့လည်း အဲဒီလမ်းမှာ ခရီးသွားနေတဲ့ ခရီးသည်တချို့က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ TNLA ပြောခွင့်ရသူ လွေးယေဦးတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြင်ဦးလွင်-နောင်ချိုလမ်းပေါ်မှာရှိတဲ့ အုမ္မသီးလမ်းခွဲဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်းမြို့တွေကို အဓိက ဆက်သွယ်ထားတဲ့လမ်းကြောင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ထပ်တိုးလာရင် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ကာလအတွင်းမှာ နောင်ချိုမြို့ကို TNLA၊ MDY-PDF၊ ဓနု-PDF ပူးပေါင်းအဖွဲ့ တွေက သိမ်းပိုက်ထားပြီး နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာ တောင်ခမ်းရွာ စစ်ကောင်စီအမြောက်တပ်တွေ အနီးမှာတော့ အောက်တိုဘာလ ၂၀ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ပြန်ရရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ပြင်ဦလွင်မြို့နယ်တွေဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ပြန်လည် ထိုးစစ်ဆင်နေတာ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။