ပြင်ဦးလွင် တောင်ရတနာရပ်ကွက်က ကျူးကျော်နေအိမ် သုံးရာခန့် ဖယ်ရှားခံရ
2023.05.08

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ တောင်ရတနာရပ်ကွက်မှာရှိတဲ့ ကျူးကျော်နေအိမ် သုံးရာဝန်းကျင်ကို မေလ ၈ ရက် ဒီနေ့ အပြီးဖယ်ရှားဖို့ စစ်ကောင်စီတပ်ဘက်က ညွှန်ကြားထားတာကြောင့် နေအိမ်တွေ အပြီးဖျက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂရမ်မြေကလွဲပြီး ကျန်တဲ့နေအိမ်၊ အဆောက်အအုံတွေ အကုန်လုံးဖျက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အဲဒီဘက်တွေက နဂိုကတည်းက ကျူးကျော်ပြီးနေကြတာ။ အကုန်ဖျက်နေပြီ။ ဂရမ်မြေကလွဲလို့ပေါ့နော်။ ဖယ်ရမယ့်အိမ်ခြေက သုံးရာဝန်းကျင်လောက်ရှိမယ်”
တောင်ရတနာရပ်ကွက်မှာ စုစုပေါင်းအိမ်ခြေ ၁၂၀၀ ဝန်းကျင်ရှိပြီး အခုအဖျက်ခံရတဲ့ နေရာကတော့ မြန်မာ့မီးရထားပိုင် မြေနေရာဖြစ်နေတာလို့ ဒေသခံတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
၂၀၂၃ ခုနှစ်၊ မတ်လကလည်း ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၄) နဲ့ (၆) က စည်ပင် တိုက်ခန်းပေါင်း တစ်ရာနီးပါးမှာ နေထိုင်သူတွေကို စစ်ကောင်စီရဲ့စည်ပင်ဌာနဘက်က ပြောင်းရွှေ့ဖယ်ရှားခိုင်းတာကြောင့် စျေးဆိုင်ခန်းတွေပါ ဖျက်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးအနီး ဇီဝကလမ်းမပေါ်မှာ ဆောက်လုပ်ထားတဲ့ လူနေဆိုင်ခန်း ၇၆ ခန်းမှာနေထိုင်သူတွေ ဖယ်ရှားခံခဲ့ရပါတယ်။