လက်ရှိရွေးကောက်ပွဲစနစ် ဆက်လက်ကျင့်သုံးဖို့ ပြည်သူ့ လွှတ်တော် ဆုံးဖြတ်
2014.11.14

ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တွေ ရွေး ချယ်ရာမှာ လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူ FPTP ရွေးကောက်ပွဲစနစ်ကို ဆက်လက် ကျင့်သုံးသွားဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။
ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင် တင်သွင်းထားတဲ့ စနစ် ၈ မျိုးထဲက ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်အပါအဝင် ၇ မျိုးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အကြောင်းကြား စာ ပေးပို့လာတဲ့အပေါ် ကန့်ကွက်သူမရှိတာကြောင့် မဲအများဆုံးရသူအနိုင်ယူစနစ်ကိုပဲ ဆက်လက် ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အတည်ပြုကြေညာလိုက်တာ ဖြစ်ပါတယ်။
"ရွေးကောက်ပွဲနည်းလမ်းများက ရွေးကောက်ပွဲပုံစံ ၂ မှ ၈ အထိသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ ရွေးကောက်ပုံနှင့်စပ်လျဉ်းပြီး လက်ရှိဖွဲ့စည်းပုံပါ ဥပဒေများနှင့် ညီညွတ်မှှုမရှိဘူး စိစစ်တွေ့ရှိရ ပါကြောင်း ပြန်ကြားလာပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ညီညွတ်မှှုမရှိနိုင်သော ရွေးကောက်ပွဲစနစ် နည်းလမ်းများဖြစ်သည့် အမှတ်စဉ် ၂ မှ ၈ အထိကို ဥပဒေချိုးဖောက်ပြီး မှားယွင်းစွာမဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကအဆုံးအဖြတ်ပေးရန် လိုအပ်လာပါတယ်၊ ဒါ့ကြောင့် ယခင်ကမြန်မာနိုင်ငံက အစဉ်တစိုက် ကျင့်သုံးခဲ့သော ရွေးကောက်ပွဲစနစ် ကို ရွေးချယ်ရန်လွှတ်တော်က သဘောမတူသူမရှိတဲ့အတွက် ကော်မရှင်က တင်ပြထားတဲ့စနစ်နည်းလမ်း ၈ ခုအနက် အမှတ်စဉ် ၁ မဲအများဆုံးရယူသူ အနိုင်ယူ အဲ့ဒီစနစ်ကို အတည်ပြုကြောင်း ကြေညာ ပါတယ်"
အခုလို လက်ရှိကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်ကို ဆက်လက်ကျင့်သုံးဖို့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကနေပြီးတော့ ဒါဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီလို့ PR စနစ်က လုပ်လို့မဖြစ်ဘူးဆိုပြီးတော့ ဒါအရင်အတိုင်းပဲ ဒီစနစ်အတိုင်းပဲ သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်၊ ဒါလွှတ်တော်ရဲ့ အောင်မြင်ချက်လို့ပဲ မြင်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်တော်အနေနဲ့ ဒီလိုသဘောထားမတူတဲ့ကိစ္စတစ်ခုကို တည်တည်ငြိမ်ငြိမ်နဲ့ လွှတ်တော်အတွင်းမှာ ဆွေးနွေး ပြီးတော့နောက် ကျလာတဲ့ဆုံးဖြတ်ချက်ကို အားလုံးကလည်း တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံတယ်၊ ဒါအင်မတန် လွှတ်တော်အတွက် ကောင်းတဲ့ကိစ္စတစ်ခုပါ"
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်က မဲအများဆုံးရသူ အနိုင်ယူတဲ့စနစ် FPTP အချိုးကျကိုယ်စားပြုစနစ် PR နဲ့ အဲ့ဒီစနစ်၂ မျိုးကို ရာခိုင်နှုန်းအမျိုးမျိုးနဲ့ ပေါင်းစပ်ထားတဲ့ စနစ်တွေအပါ အဝင် ရွေးကောက်ပွဲစနစ် ၈ မျိုးကို ပြီးခဲ့တဲ့ အောက်တိုဘာလက ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။
ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်က တင်သွင်းတဲ့ စနစ် ၈ မျိုးကို ဒီနေ့ ကိုယ်စားလှယ် ၁ဝ ဦးက ဆွေးနွေးပြီးနောက် မဲအများဆုံးရသူ အနိုင်ယူစနစ်ကိုပဲ ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲစနစ် ၈ မျိုးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုရှိ၊ မရှိ စိစစ်ပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ မနေ့က အကြောင်းကြားခဲ့တာဖြစ်ပြီး ခုံရုံးက အကြောင်းပြန် ခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လက ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ကိုကျင့်သုံးဖို့နဲ့ မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ် ကို လေ့လာသုံးသပ်ဖို့ အဆိုတင်သွင်းခဲ့ရာ ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။