ပြည်မြို့မှာ လျှပ်စစ်မီး ပုံမှန်ရရှိဖို့အတွက် ဒေသခံများ ဆန္ဒပြ
2013.02.28
ပြည်မြို့မှာ လျှပ်စစ်မီးပုံမှန်ရရှိဖို့အတွက် ဒေသခံပြည်သူ ၅၀၀ ဝန်းကျင်က မနေ့ည ၇ နာရီမှာ ဖယောင်းတိုင်တွေထွန်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
လျှပ်စစ်မီးပုံမှန်ရရှိရေးအပြင် တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ပွင့်လင်းမြင်သာမှုရှိရေးအတွက်ပါ ဆန္ဒပြကြတာပါလို့ ဆန္ဒပြပွဲမှာပါဝင်သူ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ကိုသန်းထိုက်အောင်က RFA ကို ပြောပါတယ်။
"အခုဒီနေ့ဆန္ဒပြပွဲမှာ သူတို့လာတားတော့ လျှပ်စစ်အင်ဂျင်နီယာရယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရယ်ကို ကျနော်တို့ကပြောတယ်၊ မီးပျက်တာကြောင့် ဆန္ဒပြတာလဲပါတယ်၊ အဓိကကတော့ ပြည်သူလူထုကို မီးမဖြတ်ဖူး ဖြတ်တယ်ဆိုတာကို ပြည်သူကိုမပွင့်လင်းတဲ့ ကိစ္စကိုပြတာလို့ပြောတယ်"
ပြည်မြို့မှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါး ပြတ်တောက်နေလို့ ဆန္ဒပြမယ့်အကြောင်း ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ကစပြီး လူထုကြားမှာ လက်ကမ်းစာစောင်တွေ ဝေခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို ကြေညာချက်ဝေပြီးတဲ့နောက် လျှပ်စစ်မီးရတဲ့အချိန် များလာခဲ့ပေမဲ့၊ သက်ဆိုင်ရာတာဝန်ရှိသူတွေက လျှပ်စစ်မီးပေးဝေပုံနဲ့ပတ်သက်ပြီး ပြည်သူကို ကြိုတင်အသိမပေးတာ၊ လျှပ်စစ်အချိန်မှန်ရအောင် ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတဲ့ အာမခံချက် ပေးတာမျိုးမရှိတဲ့အတွက် အခုလို ဆန္ဒပြကြတာလို့ ဆိုပါတယ်။
ကြိုတင်ခွင့်ပြုချက် မတောင်းဘဲ ဆန္ဒပြတဲ့အတွက် အရေးယူမယ်လို့ သက်ဆိုင်ရာက သတိပေးထားကြောင်းလည်း ကိုသန်းထိုက်အောင်က ပြောပါတယ်။
"မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုမိန့် ခင်ဗျားတို့မှာ ရှိသလားလို့မေးတယ်၊ ကျွန်တော်တို့ဘက်က ပြည်မှာ ၁၂ ခါလောက် ခွင့်ပြုမိန့်တင်ခဲ့ဘူးတယ်၊ တစ်ခါမှ ခွင့်ပြုမိန့်ချမပေးဘူး၊ အဲ့ဒါကြောင့် ကျွန်တော်တို့ ခွင့်ပြုမိန့်မတင်ဘူး၊ ပြီးတော့ ပုဒ်မ ၃၅၄ (ခ) မှာပါတယ် လက်နက်မပါပဲနဲ့ ပြခွင့်ရှိတယ်၊ အဲ့ဒီပုဒ်မအရ ကျွန်တော်တို့ နိုင်ငံသားတိုင်းဟာ ဆန္ဒပြခွင့်ရှိတယ်လို့ပါတယ်၊ အဲ့ဒါကြောင့် ပြတာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုမိန့်မရှိရင် ဥပဒေအရ အရေးယူရပါလိမ့်မယ်လို့ ပြောပါတယ်"
ပြည်မြို့နယ် လျှပ်စစ်ရုံးရှေ့ကနေ စတင်ချီတက်ခဲ့တဲ့ ဆန္ဒပြသူတွေဟာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ပတ်ပတ်လည်မှာ ဖယောင်းတိုင်တွေထွန်းပြီး ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာ အဆုံးသတ်လိုက်တယ်လို့ သိရပါတယ်။