ပြည်မြို့က ပရဟိတသမားနဲ့ ကဗျာဆရာအပါအဝင် ၁၀ ဦး နှစ်ရှည်ထောင်ချခံရ

2022.11.01
ပြည်မြို့က ပရဟိတသမားနဲ့ ကဗျာဆရာအပါအဝင် ၁၀ ဦး နှစ်ရှည်ထောင်ချခံရ ကိုသိန်းမင်းထွန်း၊ ကဗျာဆရာ မျိုးညိန်းဇော်နှင့် ကိုကျော်ကျော်ဉာဏ်ဝင်း။
Photo: Citizen Journalist

ပဲခူးတိုင်း ပြည်မြို့အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ပရဟိတသမားနဲ့ ကဗျာ ဆရာတွေအပါအဝင် လူဆယ်ဦးကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တွေက နိုဝင်ဘာလ ၁ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

အောက်တိုဘာလ ၃၁ ရက် မနေ့က တစ်ရက်တည်းမှာ အကျဉ်းထောင်တွင်း တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးခြင်းခံရတဲ့ ပရဟိတသမား ကိုသိန်းမင်းထွန်းက‌တော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ခုနစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

ခေတ်ပေါ် မြန်မာကဗျာဆရာလည်းဖြစ် ပြည်မြို့အခြေစိုက် မိုးမေတ္တာ လူမှုကူညီရေး အသင်းဝင်လည်းဖြစ်တဲ့ ကိုမျိုးညိန်းဇော်ကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရတာပါ။

ဒါ့အပြင် အသက် ၂၄ နှစ်အရွယ် မဇာဇာထက်ကတော့ အမှုပေါင်းခြောက်မှုနဲ့ ထောင်ဒဏ် ၂၄ နှစ်ချခံခဲ့ရပြီး ပြည်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေ ထဲမှာ ထောင်ဒဏ်အများဆုံး ချမှတ်ခံရသူဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါ တယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ ပြည်မြို့နယ် မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဉာဏ်ဝင်းကိုလည်း စစ်ကောင်စီဘက်က အမှုနှစ်ခုနဲ့ ထောင်လေးနှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အမိန့်ချမှတ်ခံခဲ့ရသူအားလုံး ကျန်းမာရေးကောင်းမွန်ပေမယ့် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးရသူ ကိုသိန်းမင်းထွန်းကတော့ သေနတ်ဒဏ်ရာရခဲ့တဲ့ ခြေထောက်တစ်ဖက် ပုံမှန် ပြန်မဖြစ်တော့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူ ခြေထောက်ကတော့ သက်သာလာပါပြီ။ ဒါပေမဲ့ ကောင်းကောင်းဆေးကုသခွင့် မရ တော့ ပုံမှန်တော့ ပြန်မဖြစ်တော့ဘူး။ တစ်ဖက်နိမ့်သွားတယ်”

နောက်ထပ် အမိန့်ချမှတ်ခံရသူတွေထဲမှာ ကိုမင်းသီဟထွန်းက ထောင်နှစ် ၃၀၊ ကိုညီညီနိုင် က ထောင်နှစ် ၃၀၊ မနန်းယုမေက ၁၈ နှစ်၊ ကိုသန်းနိုင်အောင်က ၁၂ နှစ်၊ ကိုထွန်းထွန်းနိုင် က ၁၂ နှစ်နဲ့ ကိုနောင်နောင်က နှစ်နှစ် စတာတွေလည်း ပါ၀င်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလ နှစ်လအတွင်း ပြည်မြို့ ပြည်အကျဉ်းထောင် မှာ ဖမ်းဆီးတရားစွဲခံထားရသူတွေထဲက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ ၃၀ နီးပါးရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့ထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၁၂,၈၀၆ ဦးရှိပြီး အဲဒီအထဲက ၁၆၁၂ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။