ပျော်ဘွယ်မြို့နယ်က ညောင်ကုန်း ရဲကင်းစခန်း တိုက်ခိုက်ခံရ

RFA Burmese
2023.03.28
ပျော်ဘွယ်မြို့နယ်က ညောင်ကုန်း ရဲကင်းစခန်း တိုက်ခိုက်ခံရ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ညောင်ကုန်း ရဲကင်းစခန်းကို ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်က ညောင်ကုန်း ရဲကင်းစခန်းကို မတ်လ ၂၇ ရက်နေ့ မနေ့က ဆိုင်ကယ်သုံးစီးနဲ့ လူခြောက်ယောက်က ရဲစခန်းအပေါက်ဝကနေ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များ တပ်ပေါင်းစု ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (CRC-PLA) က ဒီတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာလို့ လူမှုကွန်ရက်စာမျက်နှာ (Facebook) မှာ မနေ့က ဗီဒီယိုဖိုင်နဲ့တကွ ဖော်ပြခဲ့ပါတယ်။

ရဲကင်းစခန်းကို မောင်းပြန် သေနတ်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ကုန်း ရဲကင်းစခန်း တိုက်ခိုက်ခံရမှု ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားမှု မရှိသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကတည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့စုံ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စခန်းမှူး အပါအဝင် ရဲ ၁၁ ဦး သေဆုံးသွားခဲ့ပါသေးတယ်။

စစ်ကောင်စီကို ခုခံတော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက အင်အားနည်းပါးတဲ့ ရဲစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် တချို့နေရာတွေမှာ စစ်ကောင်စီဘက်က ရဲကင်းစခန်းတွေကို ဖြုတ်သိမ်းသွားခဲ့တာတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။