ဖျာပုံထောင်တွင်း ပစ်ခတ်နှိမ်နင်းမှု အကျဥ်းသား ၁၇ ဦးထက်မနည်း ဒဏ်ရာရ

RFA Burmese
2024.04.01
ဖျာပုံထောင်တွင်း ပစ်ခတ်နှိမ်နင်းမှု အကျဥ်းသား ၁၇ ဦးထက်မနည်း ဒဏ်ရာရ ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အကျဥ်းထောင်အား တွေ့ရစဉ်။
Ayeyarwaddy Times

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အကျဥ်းထောင်မှာ မတ်လ ၃၁ ရက်နေ့ ညနေငါးနာရီဝန်းကျင်က ဆူပူမှုဖြစ်ခဲ့တဲ့အပေါ် ထောင်အာဏာပိုင်တွေက ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသား ၁၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်ဘက်က ပြောပါတယ်။

ထောင်ဝန်ထမ်းတွေကို ထိခိုက်အောင်ပြုလုပ်ခဲ့တာကြောင့်ဆိုပြီး ရဲနဲ့ စစ်ကောင်စီတပ်ကို အရေးပေါ်ခေါ်ယူပြီး ပစ်ခတ်နှိမ်နင်းခဲ့တာလို့ ဆိုပါတယ်။

ထောင်ဝန်ထမ်းနဲ့ အကျဥ်းသားတွေ ပဋိပက္ခဖြစ်ရာကနေ ဆူပူမှုဖြစ်တာဖြစ်နိုင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပေမယ့် RFA အနေနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိ ထောင်ဝန်ထမ်းတစ်ဦး ဆေးရုံတင်ထားရသလို အကျဥ်းသား ၁၇ ဦးလည်း ထောင်တွင်းဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

"လက်ရှိ ကနဦးသိရတာက ၁၇ ဦးမှာ နိုင်ငံရေးအကျဥ်းသားတွေလည်းပါတယ်။ အခြား ရာဇဝတ်တွေလည်း ပါတယ်လို့ သိရတယ်။ အနည်းဆုံးအရေအတွက်ကတော့ ၁၇ ဦးကတော့ အနည်းဆုံးအရေအတွက်ဖြစ်ဖို့ များတယ်ဗျ။ လက်ရှိလည်း ခေါ်ယူစစ်ဆေးနေတာဖြစ်တဲ့အတွက် အဲဒီခေါ်ယူစစ်ဆေးနေချိန်မှာ ရိုက်နှက် နှိပ်စက်ခံရတာတွေ ရှိဦးမယ်ပေါ့"

ဖျာပုံထောင်တွင်းဆူပူမှုအပေါ် ရဲနဲ့ စစ်ကောင်စီတပ်သားတွေက အကျဥ်းသားတွေကို ခေါ်ယူစစ်ဆေးနေပြီး ဧပြီလ ၁ ရက်နေ့ ဒီနေ့မှာတော့ ထောင်ကို ပိတ်ထားသလို ထောင်ဝင်စာတွေပါ လက်မခံဘူးလို့ ဆိုပါတယ်။

မတ်လ ၃၁ ရက်နေ့ ညဦးပိုင်းက အဲဒီထောင်မှာ ထောင်ဖောက်ပြေးဖို့ ကြိုးစားသူနှစ်ဦး ပြန်လည်ဖမ်းမိသွား တယ်လို့ ဖျာပုံမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပြေးဖို့လုပ်တဲ့ လူနှစ်ယောက်ပါ။ အဲဒါပြန်မိသွားတယ် ကြားတယ်။ ထောင်ဖောက်တဲ့ သဘောမျိုးပေါ့။ သူတို့ကတော့ ဒီသတင်းကို ဖုံးထားတယ် "

လက်ရှိဖျာပုံမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲနဲ့ ပြည်သူ့စစ်တွေဟာ ရပ်ကွက်နဲ့ လမ်းတွေမှာ လုံခြုံရေး တင်းကျပ်ထားပြီး နေအိမ်တွေထဲအထိ ဝင်ရောက်ရှာဖွေနေသလို ရပ်ကွက်အတွင်းသွားရင်တောင် မှတ်ပုံတင်ပြခိုင်းတယ်လို့ ဆိုပါတယ်။

ထောင်အာဏာပိုင်တွေဘက်ကတော့ ထောင်ဆူပြီး ထောင်ဖောက်ဖို့ကြိုးစားတာကြောင့် အခုလိုဖြစ်ခဲ့တာဆိုပြီး သတင်းလွှင့်နေတယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမကိုင်ပါဘူး။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကလည်း ပုသိမ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦးထံက လက်ကိုင်ဖုန်း တွေ့တာနဲ့ သေဒဏ်ကျခံထားသူ ကျောင်းဆရာတစ်ဦးကို ကြိုးပေးကွပ်မျက်ဖို့ ပြင်ဆင်နေတဲ့အပေါ် ထောင်တွင်း ဆူပူမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

အဲဒီကိစ္စကြောင့် နိုင်ငံရေးအကျဥ်းသား ၆၃ ဦးဟာ မူလကျခံထားရတဲ့ ထောင်ဒဏ်တွေအပြင် ထောင်ဒဏ် သုံးနှစ်စီ ထပ်တိုးချမှတ်ခံခဲ့ရပြီး အဲဒီအထဲက နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကတော့ ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။