ပွင့်ဖြူလူသတ်မှုအတွက် လူ ၂ ဦးကို ဖမ်းဆီးထား

မကွေးတိုင်း ပွင့်ဖြူမြို့နယ် သမန်းရင်းရွာမှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်နေတဲ့ NLD ပါတီ ထောက်ခံသူတစ်ဦး ဗုဒ္ဓဟူးနေ့ မနေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရမှုအတွက် သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ဒေသခံတွေ၊ မျက်မြင်သက်သေတွေက ပြောဆိုနေကြတဲ့ ကျန်ရှိသူ ၆ ဦးကိုတော့ အရေးယူ ဖမ်းဆီးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

2012.07.26

ပြစ်မှု ကျူးလွန်သူ အားလုံးကို ဖမ်းဆီး အရေးယူမှု မရှိတာကြောင့် တခြားသူတွေကို ထပ်မံ အန္တရာယ်ပြုလာနိုင်တဲ့ အရေးအတွက် အင်မတန် စိုးရိမ်ပူပန်နေကြရတယ်လို့ မြို့ခံ NLD ပါတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"ကျေးရွာလူထုက အရမ်းစိုးရိမ်နေရတယ်။ ဘာကြောင့်ဆိုတော့ နှစ်ယောက်က အချုပ်ထဲမှာ ရှိသေးတယ်လေ။ နှစ်ယောက်ပဲ ရောက်သေးတယ်။ ကျန်တဲ့ ၆ ယောက်က ပျောက်နေတယ်လေ။ ပျောက်နေတယ်ဆိုတာ ဒီကောင်တွေက အခု ရွာမှာ ကြိမ်းနေတယ်။ သူ့ရဲ့ သားသမီးတွေက။ ကျွန်တော်တို့ NLD အမာခံတွေပေါ့နော်၊ ခေါင်းဆောင်တွေ ပြန်ပြီး သတ်ပစ်မယ်ပေါ့နော်။ ဒီကောင်တွေ မထားဘူးပေါ့။ အဲဒီလို ကြိမ်းမောင်းမှု ရှိနေတယ်။ ဒါကို ရဲကလည်း ကြားတယ်။ အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ကျွန်တော်တို့ NLD တွေမှာ လုံခြုံမှု မရှိဘူး။ ဖမ်းပြီးတော့ပေါ့။ နှစ်ယောက်ကို ချုပ်ပြီး နှစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူးလေ။ အမှန်တကယ်ဆိုရင် ရုံးမှာတင်ပြီး စစ်ဆေးရမယ်လေ။ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာက ရုံးကပဲ ဆုံးဖြတ်ရမဲ့ ကိစ္စလေ။ ရဲက ဆုံးဖြတ်ခွင့် မရှိဘူးလေ။ အခုဒါက ကာယကံရှင်တွေ မိသားစုက လုံးဝမကျေနပ်ဘူး။ ကျွန်တော်တို့ မြို့နယ်ကလည်း မကျေနပ်ဘူး။ ပြည်သူလူထုကလည်း မကျေနပ်ဘူး"

ဒီကိစ္စနဲ့ ပတ်သက်လို့ ပွင့်ဖြူမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ တယ်လီဖုန်း လက်ခံပြောဆိုသူ ဝန်ထမ်းကို တခြား တာဝန်ရှိသူတစ်ဦးက ဆက်လက် ဖြေကြားခြင်း မပြုဖို့ ညွှန်ကြားသံ ကြားလိုက်ရပြီးနောက် တယ်လီဖုန်းလိုင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

ဦးရဲဝင်းရဲ့ အလောင်းကို စစ်ဆေးခဲ့တဲ့ ပွင့်ဖြူမြို့နယ် ဆေးရုံကို RFA က ဆက်သွယ်မေးမြန်းရာမှာ မိမိအနေနဲ့ ဒီကိစ္စကို ဖြေဆိုခွင့်မရှိဘူးလို့ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။ ဦးရဲဝင်းရဲ့ အလောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ဂူသွင်းသဂြိုလ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ (၈၀၀) လောက်ရှိတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။

"ဒီနေ့ နေ့လည် ၂ နာရီမှာ သံဃာတွေနဲ့ ကျွန်တော်တို့ အသုဘကို သွားပါတယ်ခင်ဗျ။ ကျွန်တော်တို့ သွားတဲ့ အခါမှာ လိုအပ်တဲ့ အချက်အလက်အထောက်အထားတွေကို ကျွန်တော် မှတ်တမ်း လုပ်ခဲ့ပါတယ်"

ဦးရဲဝင်းရဲ့ ကိုယ်မှာ ဓားဒဏ်ရာ ၁၂ ချက် တွေ့ရှိခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။