ပူတာအိုက စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF တိုက်ခိုက်သိမ်းပိုက်

2022.02.01
ပူတာအိုက စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF တိုက်ခိုက်သိမ်းပိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်
Photo: AFP

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲ ဆွမ်ပီယန်ရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဖေဖော်ဝါရီ ၁ ရက် ဒီမနက်က KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ကာ စခန်းကိုမီးရှို့ ဖျက်ဆီးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ KIA အရာရှိတစ်ဦးက ပြောပါတယ်။

ဒီမနက် ဆယ်နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်နာရီခွဲနီးပါးကြာ တိုက်ပွဲဖြစ် ခဲ့တယ်လို့ ဆွမ်ပရာယန်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီမနက်က ရွာထဲမှာကို ဖြစ်သွားတာ၊ အခုတော့ တိုက်ပွဲကငြိမ်သွားပြီး၊ ပြည်သူတွေ ထိခိုက်တာတွေတော့ မရှိပါဘူး”

KIA တပ်မဟာ (၁) လက်အောက်က တပ်ရင်း (၇) နဲ့ PDF တပ်ဖွဲ့ဝင်တွေက တိုက်ခဲ့တာ ဖြစ်ပြီး အဲဒီ စစ်ကောင်စီတပ်စခန်းဟာ ပူတာအိုဗျူဟာရဲ့ ရှေ့တန်းတပ်စခန်းကြီးတစ်ခု လို့လည်း ဆိုပါတယ်။

ဆွမ်ပီယန်ရွာက စစ်ကောင်စီရဲ့တပ်စခန်း အပါအဝင် ဆွမ်ပယန်ရွာရဲ့အရှေ့ဘက် မဆီးယန်ရွာနားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ရှင်ဂတ်ဘွမ် (Shinggap Bum) တပ်စခန်းတစ်ခုကိုလည်း တချိန်တည်းမှာ တိုက်ခိုက်ခဲ့တယ်လို့ အဲဒီ KIA အရာရှိက ဆိုပါတယ်။

ဆွမ်ပီယန်ကျေးရွာဟာ မြစ်ကြီးနား - ပူတာအို ကားလမ်းပေါ်ကရွာဖြစ်ပြီး ပူတာအိုကနေ မိုင် ၅၀ ခန့်ဝေးကာ လူဦးရေ တစ်ထောင်ကျော် နေထိုင်တဲ့ရွာဖြစ်ပါတယ်။

အခုဒီမနက်ကပဲ ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့က စစ်ကောင်စီတပ်ရဲ့ဗျူဟာစခန်းကို KIA နဲ့ PDF တပ်တွေက တိုက်ခိုက်ခဲ့တယ်လို့လည်း ကွတ်ခိုင် ဒေသခံတစ်ဦးက ပြောပါ တယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အိမ် ၃ လုံး ထိမှန်ပျက်စီးကာ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လည်း ပြောပါတယ်။

ဒီမနက်ပိုင်းမှာ အဲဒီဒေသတွေက တိုက်ပွဲဖြစ်စဉ်တွေကို RFA က သီးခြားအတည်မပြုနိုင် သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ် အတည်ပြုပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။