ထိုင်းမှာ အဓမ္မကျင့်အသတ်ခံရသူအတွက် မြန်မာသံရုံးရှေ့ ဆန္ဒပြ
ထိုင်းနိုင်ငံမှာ အဓမ္မပြုကျင့်ပြီး မီးရှို့အသတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား မမြင့်မြင့်ခိုင်အတွက် တရားမျှတမှု ရရှိဖို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
မနက် ၉ နာရီကနေ ၁၀ နာရီထိ ထိုင်းနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းနဲ့အညီ မြန်မာအလုပ်သမား ၄၀ ဦးကျော်က မမြင့်မြင့်ခိုင် အမှု တရားမျှတမှု ရဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေကို လျစ်လျူရှုမထားဖို့ စတဲ့ တောင်းဆိုချက်တွေပါတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူ မောင်ရိန်းက ပြောပါတယ်။
“အဓိက တောင်းဆိုချင်တာက ထိုင်းနိုင်ငံမှာ အခုလို မြန်မာအမျိုးသမီးတစ်ယောက်လုံး အသတ်ခံရတာ သံရုံးကို အကြိမ်ကြိမ်ဆက်သွယ် အဆက်အသွယ်လုပ်တာ တော်တော်လေးကို ခက်တာပေါ့နော်။ အခုဟာက မြန်မာအမျိုးသမီးတစ်ယောက်လုံး အနိုင်ကျင့်ခံရတာ။ တရားခံကိုလည်း မိထားတယ်။ သံရုံးကလည်း ဘာမှလည်း စောင့်ရှောက်မှုမရှိဘူး။ ကျနော်တို့ကို ဘာမှ ဂရုမစိုက်သလို ခံစားရတယ်။ အဲဒါကို လက်ခံလို့ မရဘူး။ ဒါကြောင့်လည်း ဆန္ဒသွားပြတာ"
ဆန္ဒပြတောင်းဆိုနေချိန် မြန်မာသံရုံးဘက်က ဝန်ထမ်းတစ်ဦး ထွက်လာပြီး မမြင့်မြင့်ခိုင်ရဲ့အမှု တရားမျှတမှုရအောင် သံရုံးအနေနဲ့ ကူညီပေးဖို့ဆိုပြီး ရေးထားတဲ့ ဆန္ဒပြသူတွေရဲ့ စာကို လက်ခံယူခဲ့တယ်လို့ ဆိုပါတယ်။
အမှုနဲ့ပတ်သက်လို့ သေဆုံးသူ မမြင့်မြင့်ခိုင်ရဲ့ မျိုးရိုးဗီဇ (DNA) ကို စစ်ဆေးနေတုန်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသားကို အဓမ္မကျင့်မှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုနဲ့ အိမ်ဖောက်ဝင်မှု အပါအဝင် လေးမှုလောက်နဲ့ တရားစွဲဆိုထားတယ်လို့ မောင်ရိန်းက ပြောပါတယ်။ ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီမြို့နယ်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ် ကယန်းအမျိုးသမီး မမြင့်မြင့်ခိုင်ကို နိုဝင်ဘာလ ၁၄ ရက်နေ့က အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးက အတင်းအဓမ္မခေါ်ဆောင်သွားပြီး ငါးရက်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အဓမ္မပြုကျင့်ပြီး မီးရှို့သတ်ဖြတ်ခဲ့ရတဲ့ မမြင့်မြင့်ခိုင်ရဲ့ အလောင်းကိုပဲ ပြန်တွေ့ခဲ့တာပါ။ အဓမ္မပြုကျင့်တဲ့ ထိုင်းအမျိုးသားကို ဒေသခံ ထိုင်းရဲတွေက နိုဝင်ဘာလ ၁၈ ရက် ညပိုင်းမှာပဲ ဖမ်းဆီးခဲ့ပါတယ်။
မမြင့်မြင့်ခိုင်ရဲ့ ကျန်ခဲ့တဲ့အရိုးကို DNA စစ်ဆေးဖို့ ၄၅ ရက်ကြာ စောင့်ရမှာဖြစ်လို့ အခုထိ မသင်္ဂြိုဟ်ရသေးဘူးလို့ မမြင့်မြင့်ခိုင်ရဲ့ အမ မမြမြအေးက နိုဝင်ဘာလ ၂၃ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။