ဝါးစိမ်းတောင်စီမံကိန်းကို စစ်ကိုင်းတိုင်းအစိုးရ မီးနီပြ

ခေမဏီဝင်း
2019.09.30
protest-against-warsanetaung-project-622.jpg စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဝါးစိမ်းတောင်မှာ ဓာတ်သတ္ထု ရှာဖွေစမ်းသပ်တူးဖော်ခွင့်ပေးလိုက်တဲ့အတွက် ၂၀၁၉၊ စက်တင်ဘာ ၃၀ ရက်နေ့က မုံရွာမြို့မှာ ဆန္ဒပြကြစဉ်
ဓါတ်ပုံ - ခေမဏီဝင်း/ RFA

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဝါးစိမ်းတောင်မှာ မြန်မာယန်စီကုမ္ပဏီက ဓာတ်သတ္ထု ရှာဖွေစမ်းသပ်တူးဖော်ခွင့် တောင်းခံတဲ့အပေါ် ကန့်ကွက်စရာမရှိကြောင်း ပြည်ထောင်စုအစိုးရထံ မှတ်ချက်ပေးခဲ့တာကို တိုင်းအစိုးရအဖွဲ့က ပြန်ပြီး ပယ်ဖျက်လိုက်ပါတယ်။

ကုမ္ပဏီကို စမ်းသပ်တူးဖော်ခွင့် ပေးခဲ့တဲ့အပေါ် ရာနဲ့ချီတဲ့ဒေသခံတွေ မုံရွာမြို့မှာ ဒီနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြတာပါ။

ညနေပိုင်းမှာတော့  ဒေသခံတွေရဲ့သဘောထားကို အလေးထားတဲ့အတွက် တိုင်းအစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး မူလ သဘောထားမှတ်ချက်ကို ပယ်ဖျက်ကြောင်း ြပည်ထောင်စုအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ပြန်လည်ပေးပို့လိုက်တာလို့ စစ်ကိုင်းတိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က သဘောထားမှတ်ချက်ပေးရတာပဲရှိတာ။ တကယ်တမ်းက ပြည်ထောင်စုကပဲ ပေးရမှာ။ အများပြည်သူဆန္ဒကို ရှေးရှုပြီး ကန့်ကွက်ရန်မရှိ ပေးထားတာကို ပြန်ပယ်ဖျက်ပြီး ပြည်ထောင်စုဝန်ကြီးကို ပြန်တင်ပြလိုက်တာပေါ့။ ပြည်သူလူထုရဲ့ဆန္ဒကို ချက်ချင်းတုံ့ပြန်ပေးတယ်ဆိုတာ အလေးထားတဲ့သဘောပေါ့။ သူတို့ဆန္ဒက အဲလိုမျိုးဆိုတော့ ကျွန်တော်တို့ကလည်း ပြန်ထုတ်ပြန်ပေးရမယ်ဆိုပြီး အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင် အရေးပေါ်အစည်းအဝေးခေါ်ပြီး မြန်မြန်တုံ့ပြန်လိုက်တာပါ"

မနက် ဆန္ဒပြပွဲမှာ ပါဝင်သူတွေက မြန်မာယန်စီကုမ္ပဏီက ဓာတ်သတ္ထုရှာဖွေမှု၊ တိုင်းအစိုးရက ဒေသခံတွေ သဘောဆန္ဒမပါဘဲ ပြည်ထောင်စုဝန်ကြီးကို သဘောထားမှတ်ချက်ပေးခဲ့မှု အပါအဝင် အချက် ငါးချက်ကို ထောက်ပြခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်က ဝါးစိမ်းတောင်မှာ မြန်မာယန်စီကုမ္ပဏီက ဓာတ်သတ္ထု ရှာဖွေစမ်းသပ်တူးဖော်မယ့် စီမံကိန်းဟာ ဒေသခံတွေရဲ့ ဆန္ဒမပါတဲ့အတွက် စမ်းသပ်လုပ်ကိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ပြဿနာတွေဖြစ်လာနိုင်တာကြောင့် ကန့်ကွက်တာဖြစ်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

"စမ်းသပ်တာပြီးတာနဲ့ စီမံကိန်းလုပ်တာများတာကိုး၊ ဒေသခံတွေက တူးတဲ့အဆင့်ထိ လှမ်းတွေးတယ်။ ရှေ့မှာ လက်ပံတောင်းပြဿနာတွေက အများကြီး၊ ကွမ်းခြံတွေမှာ ပြဿနာတွေရှိတယ်။ မြေယာတွေ လျော်တယ်ဆိုပေမယ့် တန်ကြေးတစ်ခုထိ မရောက်ဘူး၊ စိုးရိမ်ချက်ကြောင့် ကန့်ကွက်တာဖြစ်တယ်"

ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဝါးစိမ်းတောင် စောင့်ကြည့်လေ့လာရေးကော်မတီ အဖွဲ့ဝင် ကိုလှမင်းနိုင် ပြောသွားတာပါ။

ဆန္ဒပြသူတွေက မြန်မာယန်စီကုမ္ပဏီက ဓာတ်သတ္ထုရှာဖွေမှု၊ တိုင်းအစိုးရက ဒေသခံတွေ သဘောဆန္ဒမပါဘဲ ပြည်ထောင်စုဝန်ကြီးကို သဘောထားမှတ်ချက်ပေးခဲ့မှု အပါအဝင် အချက် ငါးချက်ကို  ထောက်ပြကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို ဝန်းရံပါဝင်ခဲ့တဲ့ လက်ပံတောင်းတောင် ကာကွယ်ရေးကော်မတီက ဦးမြင့်အောင်ကလည်း အခုလိုပြောပါတယ်။

"ကြေးစင်စံပယ်တောင်မှာ ပြည်သူတွေက ခံစားပြီးသား၊ ဒါကို ဝါးစိမ်းတောင်ကို ခွင့်ပြုရင် အဆပေါင်းများစွာ ခံစားရမယ်။ သယံဇာတပစ္စည်းကို မထုတ်ရဘူး မပြောဘူး၊ ဒါပေမဲ့ ပတ်ဝန်းကျင်လည်း မထိခိုက်အောင် ဒေသခံတွေလည်း မထိခိုက်အောင်လုပ်ပါ"

ဝါးစိမ်းတောင်စီမံကိန်းဟာ မြန်မာယန်စီကုမ္ပဏီက လက်ရှိလုပ်ကိုင်နေတဲ့ ကြေးစင်တောင်နဲ့ စံပယ်တောင်တွေနဲ့ တစ်ဆက်တည်းဖြစ်ပါတယ်။

ဝါးစိမ်းတောင် သတ္ထုစမ်းသပ်တူးဖော်ရေး စီမံကိန်းကို ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နဲ့ ကနီမြို့နယ်ထဲက မြေဧရိယာ အကျယ်အဝန်း ဧက တသိန်းကျော် (၁၁၂၉၈၂) မှာ အကောင်အထည်ဖော်ဖို့ မြန်မာယန်စီကုမ္ပဏီက တင်ပြထားတာဖြစ်ပြီး အဲဒီအကျယ်ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထက် အဆပေါင်း တစ်ရာကျော် ပိုများပါတယ်။ အဲဒီထဲမှာ စိုက်ပျိုးမြေ၊ လယ်မြေ၊ မြို့မြေ၊ သာသနာမြေ စတဲ့ မြေဧက ရှစ်သောင်းကျော် (၈၄၈၄၆) ပါဝင်နေကြောင်း ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာဆိုရင် လုပ်ကိုင်ခွင့်ပြုထားတာဟာ ဧက ၇,၀၀၀ ကျော်သာ ရှိပါတယ်။

အဲဒီစီမံကိန်းကြောင့် ဒေသခံတွေနဲ့ ကုမ္ပဏီကြား မြေယာပြဿနာတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေက ပြောဆိုနေကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဝါးစိမ်းတောင်စီမံကိန်းထဲက ဧက နှစ်သောင်းကျော်မှာ လုပ်ကိုင်မှာကို ကန့်ကွက်ဖို့ မရှိကြောင်း ပြည်ထောင်စု အစိုးရကို အကြောင်းပြန်ထားပါတယ်။

ပြည်ထောင်စု အစိုးရကို အကြောင်းပြန်ထားတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားဝန်ကြီး ဦးလာလ်ထောင်ထန်းက RFA ကို အခုလိုပြောပါတယ်။

"ပြည်ထောင်စုက သဘောထားတောင်းတဲ့အခါ လွတ်ကင်းတဲ့နေရာကို ကန့်ကွက်ရန်မရှိပေါ့၊ လွတ်ကင်းတဲ့နေရာက စမ်းသပ်တာက ပတ်ဝန်းကျင်ထိခိုက်မှုလည်းမရှိဘူး၊ ဒေသခံလည်း အလုပ်အကိုင် အခွင့်လမ်းလည်း ရမယ်"

ဝါးစိမ်းတောင် စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးရာမှာလည်း စီမံကိန်းကို လက်မခံကြောင်း ဒေသခံတွေက ပြောဆိုထားပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အစိုးရက ဖိတ်ကြားမှုကြောင့် လိုက်ပါသွားတဲ့ ဆားလင်းကြီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က စီမံကိန်းဟာ နှစ်ရှည်ဖြစ်ပြီး စမ်းသပ်ချက်အရ သတ္ထုတူးဖော်ထုတ်လုပ်ဖို့ အဆင်ပြေမယ်ဆိုရင် ပြည်ထောင်စုအစိုးရအနေနဲ့ ၅၁ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၉ ရာခိုင်နှုန်းနဲ့ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေယူပြီး အဲဒီထဲကနေ ဒေသခံတွေအတွက် ၂ ရာခိုင်နှုန်း ခွဲဝေခံစားခွင့်ပေးဖို့ လျာထားကြောင်း RFA ကို ပြောထားပါတယ်။

ယင်းမာပင်မြို့နယ်က ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးကတော့ စီမံကိန်းကို ပြည်သူတွေက ကန့်ကွက်နေတာကို တိုင်းအစိုးရအနေနဲ့ လျစ်လှူရှုထားကြောင်း RFA ကို ပြောပါတယ်။

"ဒီကိစ္စနဲ့ပတ်သတ်လို့ ဝန်ကြီးသုံးပါးက ဒေသခံတွေနဲ့လာတွေ့မယ်။ စည်ပင်ဝန်ကြီး၊ နယ်လုံနဲ့ ချင်းဝန်ကြီး လာတွေ့တယ်။ အိုးဘိုကျေးရွာက ဓမ္မာရုံမှာ ဒေသခံတွေနဲ့တွေ့တယ်။ သဘောမတူဘူးဆိုတာ အားလုံးကန့်ကွက်လိုက်တယ်။ ဒါကို လျစ်လျူရှု့တယ်ဆိုတာ ထင်ရှားပါတယ်"

မကြာခင်ရက်ပိုင်းအတွင်းမှာ သက်ဆိုင်ရာမြို့နယ် သုံးခုက လွှတ်တော် ကိုယ်စားလှယ်တွေက နိုင်ငံတော် အတိုင်ပင်ခံအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနကို စီမံကိန်းကို ကန့်ကွက်ကြောင်း တင်ပြသွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကုမ္ပဏီရဲ့ တုံ့ပြန်ချက်ကို ရရှိဖို့ ကြိုးစားပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။

ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတစ်ခုမှာတော့ မြန်မာယန်စီ ကြေးနီကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီတို့၏ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ် လုပ်ဆောင်နေကြောင်း သတင်းဓာတ်ပုံတစ်ခုကို ဒီလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။