ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပေါ် ရန်ကုန်မှာ အင်အား ၃၀၀ ကျော် ဆန့်ကျင်ဆန္ဒပြ


2015.01.16
un-protest-ygn-305.jpg ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂ တိုက်တွန်းချက်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ရန်ကုန် မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ လူ ၃ဝဝ ကျော် ကန့်ကွက်ဆန္ဒပြစဉ်
Photo: Kyaw Htoon Naing/RFA

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ တန်းတူအခွင့် အရေးတွေပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို သံဃာတော်တွေ၊ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေ အပါအဝင် ၃၀၀ ကျော်က ဒီနေ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတာကြောင့် အခုလို ဆန္ဒပြတာဖြစ်ကြောင်း ဆန္ဒပြပွဲမှာပါဝင်တဲ့ မစိုးရိမ် တိုက်သစ်ဆရာတော် အရှင်ဝီရသူက မိန့်ကြားပါတယ်။

"ဒီရိုဟင်ဂျာအရေးက အစိုးရတစ်ခုတည်းနဲ့ မပြီးဘူး၊ ပါတီတွေအားလုံး လိုအပ်တယ်၊ ပြည်သူတွေ အားလုံး လိုအပ်တယ်၊ သံဃာတွေအားလုံး လိုအပ်တယ်၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာတာ ဖြစ်တဲ့ အတွက်ကြောင့် ဒီနိုင်ငံနယ်နိမိတ်အတွင်းမှာ နေထိုင်တဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်၊ အဲဒီ့အတွက် ဦးဇင်းတို့အဖွဲ့က ဦးဆောင်ပြီးလုပ်တာ"

ဆန္ဒပြသူတွေဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ကနေ တာမွေမြို့နယ်က လူထုဟစ်တိုင်ကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ၊ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်တို့က ကန့်ကွက်ဆန္ဒပြတဲ့အကြောင်းတွေ ကို ဟောပြောခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြသူတွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မြန်မာနိုင်ငံသားအားလုံးက ဝိုင်းဝန်းကာကွယ်ဖို့ လိုအပ်ကြောင်းလည်း တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ခဲ့တဲ့ အဖွဲ့ဝင် ၁၉၃ နိုင်ငံက မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ တန်းတူအခွင့်အရေးပေးဖို့ တိုက်တွန်းတဲ့ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။