ပိုင်ဆိုင်မှုကြေညာရေးအဆို ပယ်ချခံရ

အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ဖော် ကြေညာ မှတ်တမ်းတင်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ အဆိုကို ဒီကနေ့ လွှတ်တော် အစည်းအဝေးက ပယ်ချလိုက်ပါတယ်။

2012.08.08
parliament-session-080812-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က လွှတ်တော် အစည်းအဝေး ပြုလုပ်နေစဉ်။
RFA

ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံ ရသူတွေဟာ ၎င်းတို့ရဲ့ ပြောင်းရွေ့ နိုင်သောပစ္စည်း၊ မပြောင်းရွေ့နိုင်သော ပစ္စည်းနဲ့ ၎င်းတို့၏ အကျိုး စီးပွားများကို ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် ဦးဝင်းမြင့်က တင်သွင်းခဲ့ပါတယ်။

ဒီအဆိုကို NLD ပါတီ ကိုယ်စားလှယ် ၄ ဦး အပါအဝင် ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးပြီးနောက် ထောက်ခံသူ ၆၈ မဲသာ ရရှိပြီး ကန့်ကွက်သူ ၂၇၁ မဲနဲ့ ပယ်ချခံရတာဖြစ်ပါတယ်။ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

"ဦးဝင်းမြင့်တင်တဲ့ အဆိုကို ဒီနေ့မဲခွဲတယ်။ Clean Government ဖြစ်ရေးကိစ္စပေါ့။ မဲခွဲတာတော့ ကျွန်တော်တို့ ၆၈ မဲနဲ့ ဒီအဆိုဟာ ရှုံးနိမ့်သွာတယ်။ အဲဒီဟာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြည်သူ့လွှတ်တော်ကို တင်ပြရမယ်။ အစိုးရကို တင်ပြရမယ် ဆိုတဲ့ စကားရပ်ပေါ်မှာ ဖြစ်တာပေါ့ဗျာ။ နိုင်ငံတော် သမ္မတကိုပဲ တင်ပြရမယ်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဆိုတယ်ပေါ့။ ကျွန်တော်တို့ တင်တဲ့ အဆိုက ဒီပြည်ထောင်စု လွှတ်တော်ကို တင်ပြထားဖို့ပေါ့နော်။ ဒါကတော့ ယုံကြည်မှုကို ပိုမိုဖြစ်စေနိုင်ဖို့ အတွက်ပေါ့"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမ ပိုင်း တက်ရောက်ပြီးနောက် နေ့လည်ပိုင်းမှာ ပညာရေးဆိုင်ရာ ကော်မတီက ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ ပညာရေး ကော်မတီက ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ စီစဉ်နေတဲ့ ၂၀၁၂ ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာ ဖြစ်ကြောင်း သိရပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြစဉ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့ လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိတင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံ ဆွေးနွေးတင်ပြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးတဲ့ အစိုးရ အဖွဲ့ဝင်များ ပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ဖို့ အဆိုနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။