စစ်အစိုးရကို လိုလားသော ပါတီများမှ ကိုယ်စားလှယ်လောင်းများ အပယ်ခံရ

ချင်းပြည်နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း နှစ်ဦးနဲ့ မဆလ တဖြစ်လဲ တစညပါတီက ကိုယ်စားလှယ်လောင်းတဦးတို့ကို ဝင်ရောက် အရွေးခံဖို့ အရည်အချင်း မပြည့်မီဘူး ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

2010.09.22
election_law_newspaper_305_Z.jpg မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာသည့် သတင်းနှင့် ဥပဒေဆိုင်ရာ အချပ်ပိုများကို မတ်လ ၉ ရက်နေ့က လမ်းပေါ်တွင် ပုံရောင်းနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ပယ်ချခံလိုက်ရတဲ့ ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ဟားခါးမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ထားတဲ့ ဦးဆန်ကြိုးနဲ့ ထန်းတလန်မြို့ကနေ ကိုယ်စားလှယ်အမည် တင်သွင်းထားတဲ့ ဦးငွန်ဆန်းတို့ ဖြစ်ကြပြီး ဖလမ်းမြို့နယ်ကနေ အရွေးချယ်ခံဖို့ စီစဉ်ထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ဦးထန်ကျင်တို့ ဖြစ်ပါတယ်။

ခုလို အပယ်ခံလိုက်ရတဲ့ အကြောင်းကြားစာကို ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြေးနန်းနဲ့ ပေးပို့လာတာ ဖြစ်တယ်လို့ ပြောပြလာသူကတော့ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးမှူး ဥက္ကဋ္ဌ ဦးပန်လျှန်း ဖြစ်ပါတယ်။

“သူတို့ နှစ်ယောက်က နိုင်ငံခြားသွားဘူးတယ်၊ အဲဒါ ကိစ္စနဲ့ များလား မပြောတတ်ဘူး၊ အခု ဦးငွန်းဆန်းက အယူခံတော့ နေပြည်တော်ကနေ ခေါ်ပြီးတော့ ဒီမနက်ပဲ နေပြည်တော်ကို ထွက်သွားတယ်၊ နောက်တယောက်တော့ ဟားခါးမှာပဲ၊ အယူခံတာတို့ ဘာတို့ မကြားဘူး၊ နောက်ပြီးတော့ ဖလမ်းမှာ တစည ထဲက တယောက် ထပ်ပယ်တယ်၊ ဦးထန်ကျင် ပြည်နယ်လွှတ်တော်မှာ အရွေးခံမည့်သူ၊ ကျနော်ထင်တာက သူက ပါစတာ လုပ်ဖူးတယ်၊ ခရစ်ယာန် တရားဟောဆရာ လုပ်ဖူးတယ်၊ လုပ်ဖူးတော့ အဲ့ဒီကိစ္စနဲ့ ပယ်တယ်လို့ ကြားတယ်၊ သူက အယူခံဝင်တာ မကြားဘူး။”

အသေးစိတ်သိရအောင် ဟားခါးမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးကို ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းလာကိုင်သူက သူ မသိရှိကြောင်း၊ ဖြေဆိုမဲ့သူ မရှိကြောင်းနဲ့ လူကြီးတွေကိုသာ မေးမြန်းဖို့ ပြောသွားပါတယ်။

ချင်းပြည်နယ်အတွင်းမှာ အဓိက ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီတွေကတော့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအပြင်၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ ဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။