အများထင်သလို ကြံ့ခိုင်ရေးပါတီ ၇၅ ရာနှုန်းအနိုင်မရ

၂၀၁၀ ရွေးကောက်ပွဲမှာ မကျင်းပခင်က စာရင်းဇယား အတိအကျ မထုတ်ပြန်နိုင်သလို ကျင်းပပြီးတော့လည်း အနှစ်ချုပ် အနိုင်ရစာရင်း တိတိကျကျ မထုတ်ပြန်နိုင်ပေမဲ့ လေ့လာတဲ့ အဖွဲ့အစည်းတွေရဲ့ အဆိုအရ စစ်အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီဟာ အများထင်သလို လွှတ်တော်တိုင်းမှာ ကိုယ်စားလှယ် ၇၅ ရာနှုန်း အနိုင်မရဘူးလို့ ဆိုပါတယ်။

2010.12.02
parliament_election_naypyidaw_305_z.jpg ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် SSRC လူမှုရေးသိပ္ပံကောင်စီ အဖွဲ့ရဲ့ ပဋိပက္ခ ဟန့်တားရေးနဲ့ ငြိမ်းချမ်းရေးဖိုရမ် (CPPF) အစီအစဉ် ကနေ ၂၀၁၀ ရွေးကောက်ပွဲရလဒ်တွေကို စာတမ်းပြုစု သုံးသပ်ထားတာတွေ့ရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ကြည့်ရင် ၃၇ ပါတီ ဝင်ပြိုင်တဲ့အနက် အနိုင်ရပါတီ ၂၁ ပါတီ ရှိတာမို့ စုစုပေါင်းပါတီရဲ့ ၅၇ ရာနှုန်း နိုင်ပါတယ်။ အနိုင်ရ တသီးပုဂ္ဂလအမတ်က ၆ ဦး ရှိပါတယ်။

တကယ်တော့ ကြံ့ဖွံ့ပါတီဟာ ရွေးကောက်ပွဲမှာ စုစုပေါင်း မဲဆန္ဒနယ်အားလုံးရဲ့ ၇၅% နိုင်တယ်ဆိုပေမဲ့ အများထင်သလို လွှတ်တော် အသီးသီးမှာ ၇၅% အပြတ်အသတ် အနိုင်ရသွားတာ မဟုတ်ဘူးဆိုတာ အံ့သြစရာ တွေ့ရပါတယ်။

အောက်လွှတ်တော်ခေါ် ပြည်သူ့လွှတ်တော်မှာ ကြံ့ဖွံပါတီက ၅၈% နိုင်ပြီး အထက်လွှတ်တော်ဖြစ်တဲ့ အမျိုးသားလွှတ်တော်မှာ ၅၇% နိုင်ပါတယ်။ ဒါပေမဲ့ တစည ပါတီက ပြည်သူ့လွှတ်တော်မှာ ၃% အမျိုးသား လွှတ်တော်မှာ ၂% သာနိုင်သလို အမျိုးသားဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသားပါတီတွေနဲ့ တသီးပုဂ္ဂလတွေ အားလုံးပေါင်းက ပြည်သူ့လွှတ်တော်မှာ ၁၂% နဲ့ အမျိုးသားလွှတ်တော်မှာ ၁၅% သာ ရှိပါတယ်။

သဘောကတော့ ကြံ့ဖွံ့ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်လုံးမှာ အပြတ်အသတ် နိုင်ထားတဲ့အတွက် သမတလောင်း ရွေးတဲ့နေရာမှာ ပြည်သူ့လွှတ်တော်အဖွဲ့က တင်သွင်းမဲ့ သမတလောင်းကိုရော အမျိုးသားလွှတ်တော်အဖွဲ့က တင်သွင်းမဲ့ သမတလောင်းကိုရော ၂ ဦး တင်သွင်းခွင့် ရမှာ ဖြစ်ပါတယ် ကျန်သမတလောင်းတဦးကိုတော့ စစ်ဗိုလ်အမတ်အုပ်စုက တင်သွင်းမှာဖြစ်ပါတယ်။

တနည်းပြောရရင် ပထမ လွှတ်တော် ၅ နှစ် သက်တမ်းမှာ သမတနဲ့ ဒုသမတ ၂ ဦး ဘယ်သူဖြစ်မယ်ဆိုတာသာ အတိအကျ မပြောနိုင်ပေမဲ့ ရွေးကောက်ပွဲရလဒ်အရ အသေအချာ ပြောနိုင်တာက သမတနဲ့ ဒုသမတ ၂ ဦးဟာ သေချာပေါက် ဗိုလ်ချုပ် လူထွက်တွေပဲဖြစ်ပြီး အရပ်သားထဲက ဖြစ်စရာ အကြောင်းမရှိတော့ဘူးဆိုတဲ့ အချက်ပါပဲ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖက်က လှည့်တွက်ရင် စစ်ဗိုလ်အမတ်တွေကိုလည်း သူပဲ ရွေးထားတာ ဖြစ်သလို ကြံ့ဖွံ့ပါတီကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တပည့်လက်ရင်းတွေသာ ဖြစ်ပါတယ်။

ဒါကြောင့် ပထမ ၅နှစ်သက်တမ်းအတွက် သမတလောင်း ရွေးချယ်ရေးအဖွဲ့ ၃ ဖွဲ့လုံးက တင်သွင်းမဲ့ သမတလောင်း ၃ ဦးလုံးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သြဇာညောင်းမဲ့သူတွေချည်း ဖြစ်နေမှာ သေချာတယ်ဆိုတာလည်း ဗေဒင်မေးစရာ မလိုတဲ့အချက် ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်တွင်းဖြစ်လာမဲ့ နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲကို ဦးစိန်ကျော်လှိုင်က သုံးသပ်ထားပါတယ်။

ရွေးကောက်ပွဲရလဒ် သုံးသပ်ချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-02 11:17

lkkj