ကြိုတင်မဲပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လိုက်လံစည်းရုံး

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေ ထုတ်ပြန် ကြေညာခြင်း မရှိသေးတဲ့ကာလမှာ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူးတွေဟာ ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ကြိုတင်မဲတွေ ပေးဖို့ စည်းရုံးနေတယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP ) ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောပါတယ်။

2010.09.14
USDP_election_party_305_z စစ်အစိုးရက ထောက်ပံ့ အားပေးနေသော ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ရုံးများကို မြန်မာနိုင်ငံ မြို့ရွာအတော်များများတွင် သြဂုတ်လ ၂၀ ရက်က ဖွင့်လှစ်ခဲ့ရာ မိုးကုတ်မြို့ရှိ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနားကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

“တောင်ဥက္ကလာဖက်မှာ ဒီ ကြိုတင်မဲ ပေးမဲ့ အိမ်တွေကို လိုက်ပြီး စည်းရုံးတာတွေ ရှိတယ်။ စည်းရုံးတဲ့အခါမှာ စည်းရုံးတဲ့ လူက ဒီ အဲဒီ အိမ်တွေမှာ ဟို အသက်အရွယ် ကြီးပြီပေါ့၊ ဒါကြောင့်မို့ ကြိုတင်မဲ ပေးချင်လားပေါ့၊ ပေးမယ်ဆိုလို့ရှိရင် သူတို့ကို စာရင်းပေးပေါ့။”

“အဲဒီမှာ နားလည်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ဟုတ်ပြီ၊ ကြိုတင်မဲ ပေးတာတော့ ဟုတ်ပြီ၊ အဲဒီတော့ ဘယ်လိုမျိုး အမတ်လောင်းတွေ ဘယ်သူတွေ ရှိတုန်း၊ ကျွန်တော်တို့က ဒီ အမတ်လောင်းတွေလည်း မသိတဲ့အတွက် ဘယ်လို ပေးရမှာလဲဆိုတော့ သူက ဘာပြန်ဖြေသွားလဲ ဆိုတော့ မလိုဘူးတဲ့၊ ဦးအောင်သိန်းလင်း သိရင် လုံလောက်ပါပြီတဲ့။ အဲလိုမျိုးပဲဗျ။”

၂၀၁၀ ရွေးကောက်ပွဲအတွက် မဲပေးပုံစနစ်ကို နိုင်ငံရေးပါတီတွေတောင် ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အချိန်မှာ ကြိုတင်မဲပေးဖို့ ပါတီကြီးတခုက ကြိုးစားလာတာဟာ မရိုးသားဘူးလို့ ဦးသိန်းဌေးက ဆိုပါတယ်။

“ကြိုတင်မဲပေးတဲ့လူ မှန်သမျှက သူတို့အမတ်ပဲ ပေးမှာလေ။ ပြည်ခိုင်ဖြိုးကလူပဲ ပေးမှာကိုး။ အဲဒီတော့ ရပ်ကွက်ထဲတွေမှာလည်း ဒီ ရပ်ကွက်အခံမှာ ရှိတဲ့၊ ရပ်ကွက်ပေါ်မှာ သြဇာညောင်းတဲ့ လူတွေကနေတဆင့် သူက ကြိုတင်မဲ ပေးဖို့ လိုက်စည်းရုံးတာ ရှိတယ်။ အဲ ကျွန်တော်ကတော့ ပြည်သူလူထုကို ကြိုတင်မဲ မပေးဖို့ပဲ ကျွန်တော်တို့တို့က လူထုကို အသိပေးရမှာပဲ။ ချပြရမှာပဲလေ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးတွေဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာကိုလည်း နိုင်ငံရေးပါတီ အများစုက ဝေဖန် ထောက်ပြနေကြပါတယ်။

ဒါအပြင်၂၀၁၀ ရွေးကောက်ပွဲအတွက် မဲပေးပုံစနစ် ရှင်းရှင်းလင်းလင်း မရှိတဲ့အပြင် ငွေအင်အားနည်းတဲ့ နိုင်ငံရေးပါတီတွေအတွက် ကိုယ်ပိုင်မဲရုံးမှူးတွေ ထားဖို့ အခက်အခဲတွေ အများကြီးရှိနေတယ်လို့ ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတွေက ဝေဖန်ပြောဆိုကြပါတယ်။ အကြောင်းစုံကို RFA မှ မအင်ကြင်းနိုင်ကတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။