သာယာဝတီထောင်မှာ အကျဉ်းသားတွေနှိပ်စက်ခံနေရကြောင်း မိသားစုဝင်တွေပြော

ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2023.03.26
သာယာဝတီထောင်မှာ အကျဉ်းသားတွေနှိပ်စက်ခံနေရကြောင်း မိသားစုဝင်တွေပြော ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က မြင်တွေ့ရသည့် ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ရှေ့မြင်ကွင်း။
Photo: RFA

နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဥ်းပန်းတယ်လို့ သတင်းကျော်ကြားတဲ့ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီထောင်မှာ အခုမတ်လအတွင်း အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်အကျဉ်းချတာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ အကျဉ်းသားမိသားစုတွေ ကပြောပါတယ်။

"သားအတွက်စိတ်မပူနဲ့ သားသေသွားလည်း ဘာမှမဖြစ်ဘူး။ တစ်ခါပဲသေမယ်။ နှစ်ခါမသေဘူးတဲ့။ ဒါပေမဲ့ အန်တီက သားလေ။ တစ်ခါတလေကျရင် မိဘအနေနဲ့ ပြောချင်တယ်။ ဘာမှမလုပ်နဲ့တော့။ ငြိမ်ငြိမ်ပဲနေတော့ ပြောချင်တယ်။ ဒါပေမဲ့ မပြောရက်ဘူး။"

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူအမျိုးသမီးနှစ်ဦးနဲ့ အကျဉ်းဦးစီးက တာဝန်ကျရဲမေတစ်ဦးတို့ စကားများရာကနေ ထောင်ဝန်ထမ်းတွေက အကျဉ်းသူအမျိုးသမီးနှစ်ဦးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားတစ်ဦး လျှို့ဝှက်ပေးပို့တဲ့စာကို RFA က လက်ခံရရှိခဲ့ပါတယ်။

အလားတူစာကို လက်ခံရရှိခဲ့တဲ့ သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးကလည်း ထောင်တွင်းဆိုးဝါးနေတဲ့ အခြေအနေတွေကို ပြောပြပါတယ်။

“ရဲဝန်ထမ်း အယောက် ၃၀ လောက်က ကောင်မလေးနှစ်ယောက်ကို ဝိုင်းရိုက်တာ၊ မိန်းကလေး အဆောင်က ၅။ အဲ့ဒါကို မမြင်မြင်အောင်၊ မခံမရပ်နိုင်အောင်၊ သူတို့ထုတ်ရိုက်တာ၊ မိန်းခလေး တစ်ယောက်ဆို တော်တော်အထိနာတယ်။ သွေးတွေဆိုအလိမ်းလိမ်းပဲ။ ဒီဘက်က အဆောင်က နိုင်ငံရေးအကျဉ်းသား ကလေးတွေက ဘာဖြစ်တာလဲ၊ ဘာလုပ်တာလဲ။ အေးဆေးစကားပြောကြဖို့၊ မညှာမတာမလုပ်ဖို့၊ အဲ့လို ပြောတာကို စကားထပ်များကြတယ်။ ကောင်မလေး နှစ်ယောက်ကို ဆွဲခေါ်သွားပြီး တိုက်ပိတ်လိုက်တယ်။ မိန်းကလေးနဲ့ ခိုက်ရန်ဖြစ်တဲ့အချိန်ပြောတဲ့ ကလေးတွေ၊ ယောကျာ်းလေး အကုန်လုံးတွေရဲ့ စာရင်း အကုန်လုံးယူသွားပြီးတော့ မင်းတို့ကို တိုက်ပိတ်လိုက်လို့ရတယ်။ လူမသိ၊ သူမသိတဲ့ နေရာပို့လိုက်လို့ရတယ်လို့ ပြောတယ်။”

7366a882-d320-4a2d-8985-7d9b774e4fb3.jpeg
၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က သာယာဝတီအကျဉ်းထောင်အနီး လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: RFA)

အခုလို ထောင်တွင်းအခြေအနေ ဆိုးနေတဲ့အတွက် ထောင်ထဲမှာရှိနေတဲ့ သားအတွက် စိတ်ပူနေတယ်လို့ သူက ဆက်ပြောပါတယ်။

“ အရမ်းစိတ်ပူတာပေါ့။ စကားကပြောလိုက်လို့ရှိရင်တော့ ဘာမှမဖြစ်ဘူးစိတ်မပူနဲ့။ ကိုယ်ကတော့ စိတ်ပူတာပေါ့။ သူတို့လက်ခုပ်ထဲက ရေလိုကိုယ့်ကလေးက ဖြစ်နေပြီဆိုတော့။ သူတို့ကို အထဲမှာ နှိပ်စက်ပြီဆိုရင် အပြင်မှာ အခြေအနေကောင်းလို့ပဲတဲ့။ သားတို့ကို နှိပ်စက်ပါလေ့စေတဲ့ အပြင်မှာ အခြေအနေကောင်းရင်တော်ပြီတဲ့။ သားအတွက် စိတ်မပူနဲ့ သားသေသွားလည်း ဘာမှမဖြစ်ဘူး။ တစ်ခါပဲသေမယ်။ နှစ်ခါမသေဘူးတဲ့။ ဒါပေမဲ့ အန်တီက သားလေ။ တစ်ခါတလေကျရင် မိဘအနေနဲ့ ပြောချင်တယ်။ ဘာမှမလုပ်နဲ့တော့။ ငြိမ်ငြိမ်ပဲနေတော့ ပြောချင်တယ်။ မပြောရက်ဘူး ဒါပေမဲ့။ သူ့အမိန့်ချတဲ့နေ့တောင် သူပြောတယ်။ ငိုရင်မလာနဲ့နော်တဲ့ အေး မငိုဘူးလို့။ အိမ်မှာ အဝငိုပြီးမှ သွားတယ်။”

000_9G504.jpg
၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ကနေ လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးအားမြင်တွေ့ရစဉ်။ (Photo:AFP)

သာယာဝတီထောင်မှာ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ပြစ်ဒဏ်ထဲမှာ အလုပ်ကြမ်း မပါတဲ့သူတွေကိုလည်း တောင်ယာခုတ်ခိုင်းတာ၊ အိမ်သာကျင်းတူးခိုင်းတာ၊ ထင်းခွဲခိုင်းတာတွေ လုပ်ဆောင်ခိုင်းတယ်လို့ အကျဉ်းကျသူတွေရဲ့ မိသားစုဝင်တွေ ကပြောပါတယ်။

“ အမှန်တိုင်းပြောရလို့ ရှိရင်ညီမတို့လူက တရားရုံးမှာအမိန့်ချတုန်းက တရားသူကြီးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆိုပြီးအမိန့်ချခဲ့တာမဟုတ်ပါဘူး။ သာယာဝတီရောက်သွားတဲ့အခါမှာတော့ အလုပ်ကြမ်းတွေ လုပ်ရတယ်။ သူတို့တောင်ယာထွက်ရတဲ့အတွက် အရမ်းနေပူတယ်။ နေပူထဲမှာ ဖြစ်တဲ့အတွက် အသားအရေတွေ ပျက်စီးတယ်။ စိုးရိမ်တာပေါ့ ညီမတို့က မျက်စိနဲ့လည်း မြင်ရတာမဟုတ်ဘူး။ ဘယ်လိုခိုင်းနေတယ်။ ဘယ်လိုလုပ်နေတယ်။ ဘယ်လိုနှိပ်စက်ခံနေရတယ်ဆိုတာ မသိနိုင်တော့ စိုးရိမ်တာတော့ ဖော်ပြစရာ စကားလုံးတောင်မရှိတော့ပါဘူး။”

ဒါကတော့ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျနေသူ နောက်တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပြခဲ့တာပါ။

9d17b19e-f412-41cb-ba91-91294f7a6c31.jpeg
၂၀၂၁ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က လားရှိုးအကျဉ်းထောင်မှ အကျဉ်းသားများအား တွေ့ရစဉ်။ ( Photo:RFA)

အကျဉ်းကျခံနေရသူတွေရဲ့ မိသားစုဝင်တွေပြောပြချက်နဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာနရုံးကိုRFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သာယာဝတီထောင်က ထောင်အာဏာပိုင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆိုးဆိုးဝါးဝါးကျူးလွန်ခဲ့တဲ့ သမိုင်းရှိပြီး ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“ သာယာဝတီထောင်က ငရဲခန်းများဆိုတာ အလကားဖြစ်လာတာမဟုတ်ဘူး။ လူ့အခွင့်အရေးကို အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး ထောင်တစ်ထောင်ထဲမှာလည်း အပါအဝင်ဖြစ်တယ်။ ထောင်အာဏာပိုင်တွေက ထောင်ငယ်မွေးခြံပေါက်တွေ မဟုတ်တော့ဘူး။ စစ်တပ်ကနေ အသွင်ပြောင်းလာတဲ့သူတွေ ဖြစ်တယ်။ သူတို့ကတော့ နိုင်ငံရေးအကျဉ်းသားဆိုရင် ဒါက ငါတို့ရဲ့ ရန်သူတွေ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ခေါင်းထောင်ထမလာနိုင်အောင်လို့ “ကျား”ဆောင်ပဲဖြစ်ဖြစ်၊ “မ”ဆောင်ပဲ ဖြစ်ဖြစ် နည်းနည်းလေး သူတို့ကို အံတုလိုက်တာနဲ့ သူတို့က လုံးဝလက်မခံဘူး။ အခုသာယာဝတီထောင်က အခုမှ မဟုတ်ဘူး။ ဘားအံကပြောင်းသွားတဲ့ ကလေးတွေနဲ့ ပတ်သက်လို့ စပြီးတော့ ထောင်ဘူးဝမှာထဲက ရက်ရက်စက်စက်နှိပ်ကွပ်တာ။ အခုဟာက အတောမသတ် ဒီလူတွေကို ပစ်မှတ်ထားပြီး တစ်စိတ်ရှိရင် ဒီလူတွေကို နှိပ်ကွပ်ပြီ။”

အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းသားတွေကို ရိုက်နှက်ခွင့်မရှိဘဲ အာဏာပိုင်တွေက ရိုက်နှက်မှုတွေ ကျူးလွန်မယ်ဆိုရင် ရာဇဝတ်မှုမြောက်ကြောင်း ဥပဒေပညာရှင်တွေက ထောက်ပြပြောဆိုကြပေမယ့် အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေကတော့ ဖိနှိပ်ညှဥ်းပန်းခံနေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။