AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတဲ့အထဲက ခုနစ်ဦးကို စစ်ကောင်စီပြန်လွှတ်ပေး
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တစ်ကျော့ပြန်တိုက်ပွဲ အတွင်း AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရသူတွေထဲက ခုနစ်ဦး အခုရက်ပိုင်းအတွင်း ပြန်လွတ်လာတယ်လို့ အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။
စစ်တွေက သုံးဦး၊ ကျောက်တော်က နှစ်ဦးနဲ့ မောင်တောက နှစ်ဦး စုစုပေါင်းခြောက်ဦးကို အခုရက်ပိုင်းမှာပဲ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာလို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက RFA ကို ပြောပါတယ်။
“အခု လောလောဆယ် စစ်ကောင်စီက လွှတ်ပေးတာက ခုနစ်ယောက်ရှိတယ်။ မနေ့က စစ်တွေထောင်က နှစ်ယောက် လွှတ်ပေးတယ်။ ပြီးရင် ဒီဇင်ဘာ၂၇ ရက်နေ့ကလည်း တစ်ယောက်လွှတ်တယ်။ ပြီးတော့ ဒီလ ၁ ရက်နေ့ကပဲ ကျောက်တော်မှာ နှစ်ယောက်နဲ့ မောင်တောမှာ မိန်းကလေး တစ်ယောက်ရယ်၊ ယောကျာ်းလေး တစ်ယောက်ရယ် လွှတ်ပေးတယ်။ စုစုပေါင်း ခုနစ်ယောက်ပေါ့”
AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက အဖမ်းခံခဲ့ရတဲ့ စစ်တွေမြို့က ဦးကျော်သန်းလှိုင်နဲ့ ဦးမောင်သန်းဌေးတို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့က ပြန်လွတ်လာတာပါ။
ဇန်နဝါရီလ ၁ ရက်နေ့ကလည်း မောင်တောမြို့က မအေးမြစန္ဒာ၊ ကိုမောင်မောင်ကျော်၊ ကျောက်တော်မြို့နယ် သရက်တစ်ပင်ရွာက ဦးမောင်စောသာနဲ့ ဒေသခံတစ်ဦးကိုလည်း စစ်ကောင်စီတပ်က လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်ရှိ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဒေသခံ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ပြီး တစ်ရာကျော်ကိုတော့ ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ ဖမ်းဆီးခံထားရသူ ၁၀၀ နီးပါး ကျန်နေပြီး အများစုဟာ သာမန်အရပ်သားတွေသာဖြစ်လို့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့လည်း ဦးမြတ်ထွန်းက ပြောပါတယ်။
အဖမ်းခံထားသူတွေကို စစ်ကောင်စီတပ်က မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က)၊ စစ်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၃၁ စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။