မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်း ကောင်စီကို ကန့်ကွက်
2012.08.18
အဲဒီပွဲမှာ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းတဲ့အပေါ် ကန့်ကွက်ရတဲ့ အချက် (၃) ချက် တင်သွင်းခဲ့တယ်လို့ အဆိုတင်သွင်းသူ တစ်ဦးဖြစ်သူ စာရေးဆရာသမဂ္ဂ အတွင်းရေးမှူးအဖွဲ့ဝင် ကဗျာဆရာ ဦးငြိမ်းသစ်က RFA ကိုပြောပါတယ်။
"အဆို ၃ ရပ်က တစ်က မီဒီယာ လွတ်လပ်ခွင့်တွေကို ပေးဖို့၊ နှစ်ကကျတော့ မီဒီယာသမားတွေနဲ့ ဂျာနယ်တွေမှာ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို အမြန်ဆုံး ရုပ်သိမ်းဖို့ပေါ့။ သုံးကကျတော့ အခု အမြုတေစာနယ်ဇင်း ကောင်စီဖွဲ့ထားတယ်လေ။ အစိုးရ ကနေပြီးတော့ ဗဟိုပြုပြီး ဖွဲ့ထားတာ။ အဲတာက ကျွန်တော်တို့ စာနယ်ဇင်းသမားတွေကို ကိုယ်စားမပြုဘူး။ နောက်ကျွန်တော်တို့ကလည်း မထောက်ခံဘူး။ အဲဒီအတွက် အဲဒီအဖွဲ့အစည်းကို ကျွန်တော်တို့က ကန့်ကွက်ကြောင်း အဆိုကို ကျွန်တော် တင်သွင်းတယ်လေ။ ဘာကြောင့် မထောက်ခံလည်း ဆိုတာက တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေက ဆွေးနွေးပါတယ်"
မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီဟာ အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့အတွက် လွတ်လပ်တဲ့အဖွဲ့အစည်း မဟုတ်ဘဲ စာနယ်ဇင်းလောကကိုလည်း ကိုယ်စားမပြုကြောင်း အစိုးရနဲ့ မပတ်သတ်တဲ့ဲ လွတ်လပ်တဲ့ အသင်းအဖွဲ့များ ရှိနေတဲ့အတွက်ကြောင့် အဲဒီ အမြုတေ စာနယ်ဇင်း ကောင်စီကို ကန့်ကွက်ကြောင်းနဲ့ အဲဒီကောင်စီဟာ အစိုးရကိုသာ ကိုယ်စားပြုတဲ့အတွက် လွတ်လပ်တဲ့ စာပေလောကကို အကျိုးပြုတဲ့ အဖွဲ့အစည်း မဟုတ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ကန့်ကွက်ချက် (၃) ရပ်ကို ဆရာ နေဝင်းစံ ၊ ဆရာ ထွန်းဝင်းငြိမ်းနှင့် ဆရာ ငြိမ်းသစ်တို့က အဆိုပြုတင်သွင်းခဲ့ပြီး ဆရာ ကြည်နိုင်၊ ဆရာ ညီငယ်လေး၊ ဆရာ လင်းထင်နဲ့ ဆရာမ သက်ဝေနှင်းတို့က ထောက်ခံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။