တပ်ကတရားစွဲတဲ့ သတင်းမီဒီယာအမှုတွေ ကြားဝင်ညှိနှိုင်းခွင့်ပေးဖို့ မီဒီယာကောင်စီ စာပေးပို့
2019.04.24

ဧရာဝတီသတင်းဌာနအပါအဝင် သတင်းမီဒီယာတွေကို တပ်မတော်က တရားစွဲဆိုထားတဲ့ ကိစ္စတွေကို ကြားဝင်ညှိနှိုင်းခွင့်ပေးဖို့ သတင်းမီဒီယာကောင်စီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာပေးပို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီသတင်းဌာနကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားသလို တခြား သတင်းဌာနတွေကိုလည်း တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကောင်စီအနေနဲ့ မီဒီယာဥပဒေနဲ့အညီ ကြားဝင်ညှိနှိုင်းခွင့်ပြုအောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဧပြီ ၂၂ ရက်နေ့က စာပေးပို့ထားတာလို့ ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်း က ပြောပါတယ်။
တပ်မတော်ဟာ လတ်တလောမှာ သတင်းမီဒီယာတွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေကို ဆက်တိုက်ဆိုသလို တရားစွဲဆိုတာတွေ ရှိနေပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာဥပဒေတွေဟာ ပြစ်ဒဏ်နည်းပါးတာကြောင့် ရဲစခန်းမှာ တိုက်ရိုက် အမှုဖွင့် တရားစွဲဆိုနေတာဖြစ်ကြောင်း RFA ကို ဒီနေ့ ပြောပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့ လှုပ်ရှားနေတဲ့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သတင်းမီဒီယာသမားတွေကို ဆက်သွယ်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားတာ နှစ်ဆယ့်သုံးမှု ရှိပြီး သတင်းသမား သုံးဆယ့်တစ်ဦး တရားရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အဲဒီထဲမှာ တပ်မတော်ကို ဝေဖန်တာကြောင့် တပ်မတော်အရာရှိတွေက တရားစွဲဆိုတာ ကိုးမှု နဲ့ တခြား လူပုဂ္ဂိုလ်တွေက တရားစွဲဆိုတာ ငါးမှု ရှိတယ်လို့ အသံအဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧရာဝတီသတင်းဌာနမှာ ဧပြီ ၅ ရက်နေ့က ဖော်ပြခဲ့တဲ့ "သတင်းထောက်တစ်ဦးရဲ့ မြောက်ဦးမှတ်တမ်း ဆောင်းပါး" ဟာ တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲပြီး တစ်ဖက်သတ်ဆန်ဆန် ရေးသားထားတယ်ဆိုပြီး ဧရာဝတီသတင်းဌာန မြန်မာပိုင်းအယ်ဒီတာ ဦးရဲနည်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒု ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားတာပါ။
ဦးရဲနည်ကို ပြီးခဲ့တဲ့ ဧပြီ ၂၂ရက်နေ့က ကျောက်တံတားမြို့မရဲစခန်းမှာ ခေါ်ယူမေးမြန်းတာတွေ ရှိခဲ့ပါတယ်။ တပ်မတော်ဟာ တခြားသတင်းဌာနတွေကိုလည်း တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာဥပဒေနဲ့အညီ ကြားဝင်ညှိနှိုင်းစေ့စပ်ခွင့် ရရှိဖို့ သတင်းမီဒီယာကောင်စီက ကာကွယ်ရေးဦးစီးချုပ်ထံ ဧပြီ ၂၂ ရက်နေ့က စာပေးပို့လိုက်တာပါ။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က အခုလိုပြောပါတယ်။
"ဧရာဝတီကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၆၆(ဃ)နဲ့ အမှုဖွင့်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကောင်စီကတော့ သတင်းမီဒီယာဥပဒေပါအတိုင်း ကောင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာက မရှိဘူးလေ တရားရုံးရောက်တဲ့ကိစ္စကို အဲတာကို အစ်ကိုတို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံကို အစ်ကိုတို့အနေနဲ့ ၆၆(ဃ)နဲ့ အရေးမယူဘဲနဲ့ သတင်းမီဒီယာဥပဒေအတိုင်း အရေးယူပြီးတော့ ကောင်စီကို တိုင်ကြားပေးဖို့ မေတ္တာရပ်ခံထားတာပါ"
ဧရာဝတီသတင်းဌာနကလည်း သတင်းမီဒီယာကောင်စီကို ကြားဝင်ဖြေရှင်းပေးဖို့ အကူအညီတောင်းခံထားတာလို့ သိရပါတယ်။
သတင်းမီဒီယာကောင်စီ ကြားဝင်ဆောင်ရွက်ပေးတာနဲ့ ဒီအမှု ပြေလည်မယ်လို့ မျှော်လင့်ကြောင်း ဧရာဝတီသတင်းဌာန မြန်မာပိုင်း အယ်ဒီတာ ဦးရဲနည် က ပြောပါတယ်။
"ဒီကြားထဲ စောင့်နေတဲ့ကာလအတွင်းမှာ သတင်းမီဒီယာကောင်စီအနေနဲ့ ဒီလိုမျိုး ကြားဝင်ဖြန်ဖြေပြီးတော့ အဲလိုမျိုးပြန်ပြီးတော့ ကျွန်တော်တို့နဲ့တပ်မတော်ကြား ပြေလည်မှု ရသွားချင်ပါတယ် ကျွန်တော့်အနေနဲ့က ပြေလည်မှုရနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်"
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်ဟာ ရခိုင်ပြည်နယ်က တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေကို စောင့်ကြည့်နေပြီး တစ်ဖက်သတ်ရေးသားဖော်ပြတယ်လို့ ယူဆတဲ့ သတင်းဌာနတွေကို တိုက်ရိုက် အမှုဖွင့်တိုင်ကြားတာတွေ ရှိနေပါတယ်။
တချို့မီဒီယာတွေမှာ ဖော်ပြတာတွေဟာ သတင်းမီဒီယာဥပဒေမှာပါတဲ့ ပြစ်ဒဏ်နဲ့ အရေးယူတာနဲ့တင် မလုံလောက်ဘူးလို့ ယူဆတာကြောင့် တိုက်ရိုက်တရားစွဲဆိုတာလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
"သတင်းမီဒီယာကောင်စီကနေ ညှိနှိုင်းဖြေရှင်းပြီးသွားခဲ့တာတွေလည်းရှိတယ် သို့သော် တချို့လုပ်ငန်းတွေက အလုပ်မဖြစ်ဘူး အလုပ်မဖြစ်ဘူးဆိုတာက သတင်းမီဒီယာကောင်စီကို အပြစ်ပြောတာမဟုတ်ဘူး သူရဲ့ဥပဒေမှာကိုက နစ်နာသွားသူအနေနဲ့က အကျိုးဆက်က ပိုပြီးတော့ ရှည်လျားတယ် ကျယ်ပြန့်တယ် ပိုပြီးတော့ နစ်နာတယ် သို့သော် ပြစ်ဒဏ်ပေးမှုပိုင်းမှာတော့ မလုံလောက်ဘူး ပိုပြီးတော့ ဆိုးလာတယ် ပိုပြီးဆိုးလာတယ်ဆိုလိုတာက ဒီလောက်ပြစ်ဒဏ်လောက် ပေးမှုလောက်နဲ့ မလုံလောက်တဲ့အခါမှာ တိုက်ရိုက်တရားစွဲမှုတွေဆိုတာဟာ ဖြစ်လာတာဖြစ်ပါတယ်"
သတင်းမီဒီယာကောင်စီက ကာကွယ်ရေးဦးစီးချုပ်ထံ စာပေးပို့တာနဲ့ပတ်သက်လို့တော့ လတ်တလောမှာ သူ့အနေနဲ့ မသိသေးကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
သတင်းမီဒီယာသမားတွေကို တပ်မတော်အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကလည်း သတင်းမီဒီယာကောင်စီကနေ မညှိနှိုင်းဘဲ တရားစွဲဆိုတာတွေ ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဆိုပါတယ်။
အခုလို တပ်မတော်က သတင်းဌာနတွေကို တိုက်ရိုက်တရားစွဲဆိုနေတာကြောင့် သမ္မတ ကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
သတင်းသမားတွေကို တပ်မတော်က တိုက်ရိုက်တရားစွဲဆိုတာ မဖြစ်သင့်ဘူးလို့ သတင်းစာဆရာ၊ စာရေးဆရာ မုံရွာ အောင်ရှင်က သူ့အမြင်ကို ပြောပါတယ်။
"ကျွန်တော်တို့မှာ သတင်းမီဒီယာဥပဒေလည်း ရှိတယ် သတင်းမီဒီယာကောင်စီလည်း ရှိတယ် သတင်းမီဒီယာဥပဒေဆိုတာကလည်း လွှတ်တော်ကနေ အတည်ပြုပေးလိုက်တဲ့ ဥပဒေဗျ နောက်တစ်ခါ သတင်းမီဒီယာကောင်စီဆိုတာကလည်း သမ္မတကြီး ကိုယ်တိုင် ဖွဲ့စည်းပေးထားတာ အဲဒါကို ဒီလိုမျိုး သူတို့ဖြစ်ချင်တိုင်း သူတို့လုပ်ချင်တိုင်း လုပ်တာကတော့ ကျွန်တော်ကတော့ လက်မခံဘူး"
ဒီလိုအမှုတွေနဲ့ပတ်သက်လို့ တရားရုံးတွေကို မရောက်ခင် သတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းဖို့ ကြိုးစားတဲ့အပေါ် သတင်းစာဆရာ ဦးသီဟသွေး က အခုလိုပြောပါတယ်။
"MPCကစာပို့ပြီး ကြားဝင်ဖိ့ု ကြိုးစားတာဟာ အင်မတန် သင့်လျော်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ် တရားတဘောင်ဖြစ်တဲ့ အခြေအနေမတိုင်ခင်မှာ ကျွန်တော်တို့ အခုလိုမျိုး စေ့စပ်ညှိနှိုင်းပြီးတော့ စားပွဲဝိုင်းမှာ စကားပြောပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ဝိုင်းပြီးညှိနှိုင်းတာဟာ လုပ်ကိုလုပ်ဆောင်သင့်တဲ့ အထူးသဖြင့် ဒီလိုမျိုး ပဋိပက္ခတွေများတဲ့ အချင်းချင်း ညီညွတ်ဖို့ လိုအပ်တဲ့တိုင်းပြည်မှာ လိုအပ်ချက်ရှိတဲ့ကာလာမှာ ပိုပြီးတော့လိုအပ်တယ်လို့ ထင်ပါတယ်"
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆက်သွယ်ရေးဥပဒေ ပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၃၁ ဦး ရှိတယ်လို့ သိရပါတယ်။
သတင်းမီဒီယာကောင်စီဟာ တပ်မတော်အပါအဝင် အစိုးရ၊ တခြားအဖွဲ့အစည်းတွေနဲ့ တွေဆုံရာမှာလည်း သတင်းသမားတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ပြဿနာရှိခဲ့ရင် တိုက်ရိုက်တရားစွဲဆိုတာတွေ မလုပ်ဖို့၊ သတင်းမီဒီယာကောင်စီကနေ ညှိနှိုင်းဖို့၊ ညှိနှိုင်းမှု မပြေလည်ရင် သတင်းမီဒီယာဥပဒေနဲ့သာ တရားစွဲဆိုဖိ့ု အသိပေးပြောဆိုထားတာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။