ရခိုင်ပြည်နယ်မှာ ကန့်သတ် တားမြစ်ထားတာမရှိလို့ ကာချုပ် ပြော


2018.06.28
mm-press-council-minaunghlaing-622.jpg နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သတင်းရယူခွင့်နဲ့ပတ်သက်ပြီး တပ်မတော်ဘက်က တစုံတရာ ကန့်သတ်တားမြစ်ထားတာမရှိဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်လို့ သတင်းရယူခြင်း၊ သတင်းထုတ်ပြန်ခြင်းကို  နိုင်ငံတော်အတိုင်ပင်ခံရုံးကသာ ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ပြောဆိုကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော် ကပြောပါတယ်။

လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ နေပြည်တော်က ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင်နောင်ခန်းမမှာ ဒီနေ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ လို့ ဦးမြင့်ကျော်က ပြောပါတယ်။

“ပြောတဲ့ဟာက တပ်မတော်ဘက်က ကန့်သတ်ထား၊ တားမြစ်ထားတာ မရှိဘူး။ အစိုးရဘက်ကတော့ မသိဘူးပေါ့လေ။ တပ်မတော်ဘက်က ကန့်သတ်ထားတာ မရှိဘူးပေါ့လေ။ ကျနော်တို့ဘက်က ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က သတင်းရယူခွင့်နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာ မရှိတဲ့အချက်ကို အများသိအောင်လည်း အသိပေးသင့်တယ်ပေါ့။ ကျနော်တို့ဘက်ကတော့ အဲဒီလိုပြောခဲ့ပါတယ်”

ဒါ့အပြင် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာခေါင်းဆောင် ၁၃ ဦးဟာ ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) အဖွဲ့ရဲ့ အစီရင်ခံစာအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က မှတ်ချက်ပေးဖို့ မရှိဘူးလို့ ပြောပါတယ်။

တဆက်တည်း တပ်မတော်နဲ့ NLD အစိုးရကြား ဆက်ဆံရေးမှာလည်း အဆင်ပြေနေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။