ဦးသိန်းစိန်နဲ့ ဆွေးနွေးဖို့ SSA(တောင်ပိုင်း)ခေါင်းဆောင်နဲ့ အဖွဲ့ နေပြည်တော် ထွက်ခွာ


2013.06.09

နေပြည်တော်မှာ သမ္မတဦးသိန်းစိန် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တောင်ပိုင်းကအဖွဲ့ဝင် ၂ဝ ကျော်ဟာ ဒီကနေ့ ဇွန်လ ၉  ရက်နေ့မှာ ထိုင်း-မြန်မာ နယ်စပ်ကတဆင့် တာချီလိတ်မြို့ကနေ လေယာဉ်ခရီးနဲ့ ထွက်ခွာသွားကြောင်း သိရပါတယ်။

RCSS ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်အပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ပေါင်ခေးနဲ့ ဗဟိုကော်မတီဝင် အတော်မျာများ လိုက်ပါသွားကြပြီး ဇွန်လ ၁ဝ ရက်နေ့ မနက်ဖြန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက အတည်ပြုပြောဆိုပါတယ်။

“ ဖိတ်ကြားချက်အရသွားတာပါ၊ ဥက္ကဌကြီး  ယွက်စစ် ကိုယ်တိုင်သွားပါတယ်။ သူနဲ့အတူ အဖွဲ့ဝင်ပေါင်း ၂ဝ ကျော်ကျော်လိုက်ပါသွားတယ်၊
တာချီလိတ်ကနေ လေယာဉ်နဲ့ပါပဲ၊ ဒီခရီးစဉ်မှာတော့ ကျနော်တို့ဆွေးနွေးဖို့အတွက် အဓိကထားပြီးတော့ လာတဲ့ခရီးစဉ် မဟုတ်ပါဘူး၊ ကျနော်တို့ ချစ်ကြည်ရေးခရီးစဉ် နောက်ပြီးတော့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး ကိစ္စတွေကို ဦးစားပေးပြီးတော့ လာတဲ့ခရီးစဉ်ပဲ ဖြစ်ပါတယ်”

ဒီခရီးစဉ်မှာ အပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေး သဘောတူညီထားချက်တွေအပေါ် အကောင်အထည်မဖော်နိုင်သေးတဲ့ကိစ္စတွေနဲ့ SSA အဖွဲ့က တောင်းဆိုထားတဲ့ လိုလားချက်တွေကို တင်ပြသွားဖို့ရှိတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောပါတယ်။

“အဓိကကတော့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကနေ ဖော်ဆောင်နေတဲ့ ဒီ ငြိမ်းချမ်းရေး ကိစ္စ သွားပြီးတော့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်၊
အဲ့ဒါကတော့ ဒီ အစိုးရကနေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ အနေနဲ့ ဘယ်လို ဘယ်အပိုင်းဌာနကနေ ဦးစားပေးနိုင်မလဲ ဆိုတာကို သမ္မတနဲ့ သွားပြီးတော့ တင်ပြမှာ ဖြစ်ပါတယ်၊ အသေးစိတ် ဆွေးနွေးချက်ကတော့ အခြေအနေပေါ်မူတည်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”

နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ မသွားခင် ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်စစ် တို့တွေ့ဆုံရင် တင်ပြဆွေးနွေးမည့်အချက်အလက်တွေ ရရှိဖို့ဆိုပြီး ရှမ်းပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လူထုအခြေပြု  လူမှုအဖွဲ့အစည်းတွေပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပါသေးတယ်။

SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ဒီဇင်ဘာလ ၂ ရက်နေ့ကမှ ပထမဆုံးအကြိမ် အစိုးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုခဲ့ပြီး ၂ဝ၁၂ ခုနှစ် မေလ ၁၉  ရက်နေ့မှာ မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေးဆိုင်ရာ သဘောတူညီချက်အပါအဝင် အချက် ၁၂ ချက်ကို သဘောတူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။